ဟင့်အင်း၊
ဘယ်နတ်ဒေဝတာကောင်းကောင်းဆိုဆိုးရဲ့
အမျက်မာန်ရှအောင်ကိုယ်ဘာမှမလုပ်ခဲ့ဘူး၊
ဟင့်အင်း၊
ကိုယ့်မှာရှိထားတဲ့ ခွင့်ပြုချက်ရ ခံစားမှုအင်အား
အတိုင်းအဆကိုလည်းကိုယ်ပိုမိုသုံးစွဲတာမရှိဘူး၊
မနေ့ကပဲကိုယ်ဟာလိမ္မာယဉ်ကျေးခဲ့သေးတယ်၊
ခုနကပဲအိမ်သာကိစ္စအပြီးဖင်ကိုရေဆေးခဲ့သေးတယ်၊
သာမန်ခံစားမှုတွေပါပဲ၊ဆာတတ်တာ၊နာတတ်သာ၊
ဝမ်းနည်းတတ်တာ၊ပျော်တတ်တာ၊မွေးကင်းစလေးတွေကိုအံ့ဩစိတ်နဲ့ကြည်နူးတတ်တာ၊ ရံဖန်ရံခါသေချင်စိတ် သတ်ချင်စိတ်ပေါက်တာ၊ဒေါသထွက်ရတာ၊နူးညံ့ရတာ
…………
ဟင့်အင်း၊
ဟုတ်တိပတ်တိအောင်မြင်ဖြစ်ထွန်းမှုတစ်ခုခု
ဘာမှမရှိတဲ့ဆီ ပေးအပ်ထားတဲ့တာဝန်တစ်ရပ်လို
မိမိအတ္တဘောကြီးကို နေ့စဉ်တွန်းရွှေ့နေရတာ၊
အုံးမောင်းခေါက်သံနဲ့အတူ
ဝမ်းထဲကထွက်လာတဲ့အူသံရှည်ကြီးအတွက်
အသံပြုအင်္ဂါကို ဘုရားပေးဆုလို နေရာထားသိုပေးရတာ၊
ရှစ်ထပ်ဝရံတာမှာထွက်ရပ်နေရင်း
မျက်စောင်းထိုးခြောက်ထပ်ဝရံတာကနေ
ယောက်ျားတစ်ယောက်ဟာမိန်းမတစ်ယောက်ကိုတွန်းချလိုက်လို့မိန်းမဟာရုတ်တရက်အံ့အားသင့်သွားပုံနဲ့လေထဲတစ်ခိုက်ရပ်တံ့သွားပြီးမှအသိတစ်ခုဝင်လာသလိုခြေကားယားလက်ကားယားအသက်ကားယားနဲ့တဟုန်ထိုးကျသွားပြီးကတ္တရာလမ်းပေါ်သွေးကွက်ကြီးတစ်ခုစိမ့်ထွက်လာတာကိုမြင်ပြီး မိမိမှာ လိင်စိတ်ထသလို ဆေးလိပ်တစ်လိပ်ကောက်မီးညှိလိုက်တာ၊
ဆေးလိပ်က Mevius Sky Blue
မီးခြစ်ကသူများဝယ်ပေးခဲ့တဲ့ Cricket အစိမ်းနု
ကောင်းကင်ကပြာပြာ နေကလေးသာသာ၊
သူမ ပြောနေတာနဲ့ သူမ ပြောနေဟန်ဆောင်နေခြင်းရဲ့အဟထဲ
မိမိရဲ့ဒါတွေငါသိပြီးသား ဒါတွေငါကြုံပြီးသား ငါ့နာမည် ဂျေ အဲလ်ဖရက်ဒ် ပရူးဖရော့က်
ငြီးငွေ့သမ်းဝေမှုကို သူမ မသိအောင် ထည့်သွင်းလိုက်ပြီး ပြုံးပြုံးနဲ့ဆက်နားထောင်နေတာ၊လူယဉ်ကျေးတစ်ယောက်
ဖောက်ပြန်နေမှန်းသိလျက်နဲ့ ဘောက်ဖတ်ကြီးတစ်ကောင်ရဲ့သဘောထားကြီးမှုလို့ သတ်မှတ်လိုသတ်မှတ်ခံငြား ဖက်နမ်းရတာတွေ၊
မာသေးတယ်မယုံရင်ကိုင်ကြည့် ဆိုလို့
ခွက်ထဲလက်နှိုက်ပြီးပျော့နေတဲ့ရင်သားကို သူမအတွက်
စိတ်မကောင်းစွာကိုင်ရတာတွေ၊
စာသင်နေရင်းအပေါ့ထသွားပြီးဇစ်တပ်ဖို့မေ့လာတဲ့
ဘောင်းဘီဟပြဲကိုခေါင်းမဖော်ပဲစာလုပ်နေကြတဲ့သင်တန်းသူလေးတွေအကြောင်းစောကြောမိမှ ဇစ်သတိပြန်ဝင် သမ္ပဈာဉ်ဝင်နှူးရတာတွေ၊
အတောင်ပံခတ်ဖို့အားယူပြီးမှကိုယ့်မှာတောင်ပံမရှိမှန်း
ပြန်သိရပြီးဒလိမ့်ကောက်ကွေးပစ်လဲရတာတွေ၊
…………
ဟင့်အင်း၊
ကိုယ်ဟာ တောင်ပေါ် ဧရာမကျောက်တုံးကြီး
လှိမ့်တင်နေတာမဟုတ်ဘူး၊
ဟင့်အင်း၊ကိုယ်ဟာဆစ္စီးဖတ်စ်မဟုတ်ဘူး၊
ဟင့်အင်း၊ကိုယ်ဟာဘာကိုဟင့်အင်းလိုက်မှန်းမသိဘူး…
ဇယလ
၂၃ စက် ‘၁၉