ဖြစ်လာတော့မှာတွေကို
ကြိုသိလို့ရတယ်
ဗမာစကားမှာ
နိမိတ်ဆိုတာရှိတယ်
ပုံတော့မဟုတ်ဘူး
အာရုံ
ရုပ်ဆိုတာဖြစ်မလာခင်
ကောင်းကင်ဟာဘာမှမပြောဘူး
အာရုံကပဲယူရတာ
နာမ္ဘာသာစကား
နေ့တွေဟာ
ရုပ်-နာမ်တွေနဲ့ဖွဲ့စည်းမှုတွေဖြစ်လာတာ
ဘာမှမသေချာဘူး
ဘာမှပုံစံခွက်ထဲမရှိဘူး
ဘာမှမှာဘာမှတောင်မရှိဘူး
ချစ်ခြင်းမှာမြတ်နိုးခြင်းမကပ်ရင်မပီပြင်ဘူး
ကြားမှာဘာသာစကားအရမ်းဝင်တယ်
မရှိုလို့လည်းမမှန်ဘူး
ရှိလို့လည်းမမှန်ဘူး
သိလို့လည်းမဟုတ်ဘူး
မသိလို့လည်းမဟုတ်ဘူး
ရုပ်ဘဝတစ်ခု
နာမ်ဘဝဘယ်နှခု
လူဆိုတာ ‘ငါ’ လည်းဖြစ်တယ်
လူဆိုတာကွန်ယက်တွေ
ဖြတ်သန်းရာလမ်းခွလည်းဖြစ်တယ်
ဘာမှလည်းမဖြစ်ဘူး
အရာအားလုံးလည်းဖြစ်တယ်
သွေးဆိုတာထွက်ကျမှမဟုတ်ဘူး
အတွင်းထဲလည်းဖိတ်တတ်တယ်
ဘာမှမဟုတ်ဘူးလည်းလည်ဆည်လို့ရတယ်
သေလုမျောပါးလည်းခံစားရတတ်တယ်
မပြောကြေးဟာဘာသာစကားကို
ပိတ်ပင်လိုက်တာလည်းဖြစ်တယ်
လူအချင်းချင်းနားလည်မှုဟာအခြားဘာသာစကား
ဘဝဆိုတာအရိယာကလွဲရင်
နာမ်ဟန်ဆောင်နေတဲ့ကြိယာ
အဲဒီကိရိယာမှာ ငါတို့လူသားဖြစ်ကြတယ်
ငါတို့တိတ်တဆိတ်ငိုကြတယ်
ငါတို့ဝှက်ငိုကြတယ်
ငါတို့ထိမ်းထိမ်းသိမ်းသိမ်းလည်းငိုကြတယ်
ငိုခြင်းဟာငါတို့ရဲ့အစမူလဘာသာစကား
ငါတို့ပစ်ပယ်ထားခဲ့ကြလေတယ်
ဇယလ
၂၁ ဩ ‘၁၉