ဘဝမှာပေးထားချက်တွေရှိတယ် ရွေးယူရွေးလုပ်တာတွေရှိတယ်လို့လည်းဆိုကြတယ်
ပေးထားချက်မဟုတ်တဲ့ဟာတွေထဲကလည်းတမင်
ရွေးယူတာတွေရှိတယ် ခုံးနေတဲ့တိမ်တွေထဲ
မိုးတွေရွာကျနေသလို အဲဒီအခုံးရဲ့ဟိုဘက်မှာဘာရှိသလဲ
ပန်းနုရောင်ဝမ်းဆက်နဲ့ကောင်မလေးဟာပန်းနုရောင်
ထီးလေးနဲ့မိုးကိုပါပန်းနုရောင်ချယ်သွားတာ
ကြည့်နေတဲ့အမိုးစွန်းကပန်းနုရောင်ပြုံးလို့
ပြတင်းဘောင်မှာပျားအုံကြီးယာယီဖွဲ့ပြီး
တစ်ကောင်မကျန်ထပျံသွားကြလို့အုံဟာအာရုံပျက်သွားတယ်
ပျားရည် ပျားလဘို့ ပျားဘုရင်မ ပျားလုပ်သား စသည်ဖြင့်
စကားလုံးတွေတဝီဝီ သူ့အလိုလိုဘာသာစကားတစီစီ
မိုးအကြောင်းပြောပြီးပြီလား
မိုးအကြောင်းကိုမိုးကပဲပြောနေတာနားထောင်ပေါ့
အရှိတရားရဲ့ထိုးဇာတ်တွေနဲ့ တကယ့်ပကတိ
အရှိတရားကြားမှာဘာသာစကားတွေ
လည်ပတ်အုံဖွဲ့သွားလာပုံမဲ့သွားကြတယ်
‘မိုးကလည်းဟယ်’လို့ မီးပျက်တော့မယောင်မှောင်
ဘဝကသံပုရာသီးပေးရင်အဲဒီသံပုရာသီးကို
ကိုယ်လိုရာတစ်ခုခုနဲ့လဲယူလိုက်ပါ
ခဏတာ ခဏလေးလိုပဲ ကြီးပြင်းသွား အိုမင်းသွားကြလိုက်တာ
ပန်းချီကားမျက်နှာပြင်ဆေးသားတွေအက်ကြောင်းလိုက်လာတယ်
ပြုံးနေတဲ့ပုံကတော့ပန်းနုရောင်ထင်တာပဲ
အနီးကပ်ကြည့်မှခရမ်း အညို နဲ့အနီစွက်
ဘာလို့ပန်းနုရောင်လို့ပဲမြင်မိပါလိမ့်
ဒီသွားတဲ့အကောင့်ထဲကျန်ခဲ့တဲ့စာသားတွေ
လှမ်းမြင်ရတဲ့အစိမ်းရောင်ပင်ထိပ်ဖျားတို့ခုံးခုံး
လေထဲကချိုင့်ခွက်ထဲဖြည့်သွင်းတဲ့ဆင်ခြင်ယုတ္တိ
ချက်ချင်းအငွေ့ပျံ ပြတင်းမှန်မှာပျားတစ်ကောင်တဝီဝီ
လာစနဲနာနေတာလား အဲဒီပြင်ပကကိစ္စဝိစ္စတွေအကြောင်းပွားဖို့အဖော်ရှာနေတာလား
ထိုးဇာတ်ရဲ့စကားနဲ့ပဲပြောကြရတာပေါ့ ဟိုပန်းချီကားလိုလေ
ကောင်လေးနဲ့ကောင်မလေး နှစ်ယောက်လုံးတစ်ခေါင်းလုံးပလပ်စတစ်အကြည်အိပ်စွပ်
ပလပ်စတစ်သားတွေနဲ့နှုတ်ခမ်းတွေစုပ်လို့ မျက်လုံးတွေမှိတ်လို့
သာယာလို့ရသမျှသာယာတတ်ကြဖို့များလား
နည်းလား ရှိတာဆိုလို့ဒါလေးတွေပဲမဟုတ်လား
အားကုန်ရင်ပျားအုံဘာဆိုလားကြော်ငြာ
တဒင်္ဂမှာအထင်ကရတွေဖြစ်သွားတတ်ကြတာလည်း
ရင်မှာပြင်မရ ဖျက်မရ ချက်ကျကျပဲရွာနေလိုက်တဲ့မိုး
ဇယလ
၆ ဩ ‘၁၉