မီးကလည်းပျက် မင်းကလည်းအိပ်ရာပေါ်အဖျားတွေတက်
ကုတင်ဘေးဖယောင်းတိုင်မီးနဲ့ကိုယ့်မှာဘာဝါကျမှ စိတ်မျက်နှာပေါ်စုစည်းမရ
ညစ်တာဟာညစ်တာပဲပေါ့ ဘေးအိမ်ကဂျင်နရေတာဆူညံနားငြီး
ကိုယ်တို့ဘက်ရောက်ရှိတဲ့မဖြစ်စလောက်အလင်းဟာ
အခန်းထဲအဆမတန်အရိပ်ကြီးထိုးလို့
ဖယောင်းတိုင်ဟာလည်းပုပုလာလို့ မင်းလူးလှိမ့်နေတာဘယ်လောက်ကြာပြီလဲ
တစ်အိမ်လုံးမှာနောက်ဆုံးကော်ဖီထုပ် မီးဖိုချောင် ဖယောင်းတိုင်
တော်ပါသေးရဲ့ဖလ်ဗူးထဲရေနွေး မင်းကိုနှိုးပီးကော်ဖီပူပူလေးမှုတ်ပေးနေတုန်း
ဟေး…
ရပ်ကွက်ထဲကလေးတွေအော်သံနဲ့မီးပြန်လာတယ်
မင်းကော်ဖီပူပူလေးတဖြေးဖြေးသောက်လိုက်တယ်
(ဒီအကြောင်းကို အိုင်လီးန် မိုင်းလ်စ်က ဒီထက်ပိုရေးတတ်ပါလိမ့်မယ်)
မင်းကိုချွေးသုတ်အဝတ်အစားလဲပေး ခဏလေးဖက်ထားလိုက်သေးတယ်
မီးဟာဆက်လာဖို့ထက်ပြန်ပျက်ဖို့ကသေချာတယ်
လာတုန်းခဏဘဝကိစ္စတွေပြုရ ပျက်တော့လည်းပျက်ပေါ့
မင်းအဖျားကျ နေကောင်းသွားဖို့ပဲအရေးကြီးတယ်
ဒါကလွဲလို့ခေါင်းထဲအခြားဘာမှမဝင်လာစေဘူး
ဇယလ
၁၂ ဇွန် ‘၁၉