မေးခွန်းမှာနွေဟာအကြပ်ရိုက် ပူလောင်အိုက်စပ်
သူ့အရေခွံထဲကဆွဲဖြဲထွက်လို့လည်းမရ အမတ ဆိုတဲ့စကားလုံးဟာဘာလဲမသိပဲချစ်စရာလိုလို
လှေနံဓားထစ်လည်းဖြစ်နိုင်တာ ထားပါတော့ မိန်းမဆိုတာထားပါတော့ ကမ္ဘာကြီးတကယ်လိုချင်တာဘာလဲ ထာဝရ
ငြိမ်းချမ်းရေးနဲ့လက်နက်အားလုံးဖျက်သိမ်းရေးလား ပစိဖိတ်သမုဒ္ဒရာထဲစိမ့်ထွက်နေတဲ့
နျူကလီးယားဗုံးလျှို့ဝှက်စမ်းသပ်စွန့်ထွက်ပစ္စည်း
အကြွင်းအကျန်တို့ရဲ့ဓာတ်ရောင်ခြည်အဆိပ်နဲ့
လျှို့ဝှက်ထားတဲ့ကျွန်းလေးရဲ့သမိုင်း နေလုံးကြီးဟာရူးသွပ်နေတဲ့အဆင့်ရောက်နေပြီတဲ့ ဝန်ကြီးဟာ
စာပေအရေးအသားအသစ်အားပေးမလိုလိုနဲ့ ‘ကိုယ်ရူးသွပ်သလိုကိုယ်လုပ်ကြ’တဲ့ စောက်ရူး ရဲအသွင်ဟန်ဆောင်ထားတဲ့လူဆိုးဟာ
လူဆိုးအသွင်ဟန်ဆောင်ထားတဲ့ရဲကို
မှန်ထဲမှာအဲသလိုဆဲလိုက်တယ် လူပုံလည်မှာ၁၅မိနစ်တိတိတုံးလုံးရပ်ပြီး
လူပျောက်ရှာသော်လည်းပဲထိုပါဖေါမင့်စ်အမျိုးသမီးရဲ့
အင်္ဂါအမွေးမည်းမည်းကြီးတွေကတော့တစ်ပြားမှ
အလျှော့မပေးစတမ်းပဲထိုးထိုးထောင် အဲဒီတော့မူလမေးခွန်းကိုပြန်ရောက်ကြတာပေါ့
ကဗျာဟာသိတာကိုရေးတာလား
မသိတာကိုရေးတာလား
ကဗျာအကြောင်းပြောချင်ပုံ သူရပါတယ် သူ့မှာလည်းအဖြေတစ်ခုခုရှိထားတဲ့ပုံပဲ သူကံကောင်းပါတယ်
တောင်အာဖရိကမြက်ခင်းပြင်မှာ အမိဝမ်းကကျွတ်စ ဒရယ်အမျိုးအစားတစ်ကောင်ရဲ့အန္တရာယ်အကြီးဆုံး
အချိန်ဟာမွေးပြီးပြီးချင်း၂၄နာရီအတွင်းမှာ လှမ်းမြင်နေရတာ ခွေးအတစ်အုပ်
ခြင်္သေ့အထီးအမတစ်စုံ
ကံယုံလို့မြက်ခင်းပေါ်မွေးချခြင်း
ချစ်ပါတယ်လို့ပြောလည်းအဓိပ္ပါယ်ဘယ်နှခုထွက်သလဲ
အဖြေဟာမေးခွန်းထက်ပိုကောက်ကွေ့သလား လူဖြစ်မှုဟာမြစ်ထက်ပိုဖြောင့်တန်းသလား
လူတစ်ယောက်ကိုစာတစ်ပုဒ်ရေးခိုင်းပြီး
စာအုပ်ထွက်လာတော့ပါမလာတာကိုဆောရီးလား ကောင်မလေးကမရိုက်တတ်လို့တဲ့လား အမှန်တရားကတကယ်လိုချင်တာဘာတဲ့လဲ
ဘလက်ရှီးဆိုတာ လည်ဆည်မှုတွေထဲမှာ တတိယအမျိုးအစားဖြစ်တယ်ဆိုတာ
ကြက်ဆီဘူးကင်ကကောသိရင်တောင်ပြောမလား
မလှုပ်ပါနဲ့ ငြိမ်ငြိမ်နေပါ
မရှုပ်ပါနဲ့ ရှင်းရှင်းနေပါ
မင်းလိုချင်တာအဲဒါလား လို့
စမ်းတဝါးချိုင်းထောက်ဟာ
အမှောင်ထုကိုမေးလိုက်တယ်
ပြီးပါပြီလို့ပြောပေမယ့် မပြီးတာတွေနဲ့ ထွက်လာရပြီး
ဆက်လျှောက်မလား လမ်းကူးမလား
လက်ချိတ်မလား ခါးဖက်မလား
သူ့အလိုကျဘာပြောရမလဲဘာလုပ်ရမလဲ
ကောင်မလေးဟာမျက်တောင်ကိုရင်လိုကော့လိုက်သလို
ကောင်ကလေးဟာအလိုပေါ်ပုံအောလောင်းလိုက်တယ်
၁+၁ ဘာဖြစ်ဖြစ်ဟာနေ့စဉ်အလောင်းအစားတွေပါပဲ
“သစ္စာ” လို့ပြောမဆုံးခင်မှာ
အာရုံကြောမှာစကားလုံးသန္ဒေကောက်ကြောင်းဖွဲ့နေပြီ
ဇယလ
၂၀ မေ ‘၁၉