‘ငြိမ်းချမ်းပါစေ’တဲ့
ပွက်ပွက်ဆူရေတစ်ခွက်မှာ
လျှာကျက်သွားစေသလိုမျိုးလား
မင့်ထံမှာမင်းထဲမှာငါအငွေ့ပျံချင်နေခဲ့တာ ဖြတ်သွားဖြတ်လာကံကြမ္မာရေ
လောကကမ်းပါးထိပ်မှာ (ပန်းဆိုးတန်းတံတားမှာ)
ပါဝါအပိတ်ခံထားရတဲ့နတ်တစ်ပါးအဖြစ်
ဟောဟိုမှာ
လှရည်တွေတစ်စက်စက်ယိုပြီးမီးမလာနွေလောင်မီးထဲ
မင်းလမ်းဖြတ်ကူးနေတာ
ဝမ်းနည်းမှုအမျိုးအစားတစ်ခုရဲ့စည်းချက်ပဲလားဟေ့
ငါ့ရင်ထဲဝင်ခုံနေတာကို
ကြောင်သေတစ်ကောင်နဲ့လှမ်းပစ်ပေါက်လိုက်တယ် ကြောင်ကအနက်လုံးလုံးဆိုတော့စုန်းကိစ္စလည်းပါမှာပေါ့
ငါမြင်တယ်
ပေါင်ပေါ်ကမွေးညင်းနုလေးတွေရဲ့ရှက်ပြုံး
ငါပွတ်သပ်တယ် နတ်ဖန်ဆင်းခြေဖဝါးတွေကနေပေါင်တံတွေထဲစီးနေတဲ့
နတ်ဒုံး
ငါမေးခွန်းထုတ်လိုက်တယ် ငါဟာအမဲလုံးမျှော် လေလွင့်ခွေးတစ်ကောင်ရဲ့
တတွန့်တွန့်မသေခင်ကြိုမြင်ဝိဥာဉ်လား
အေးပါကွာ
မင်းဟာတရားစခန်းအကြိမ်ကြိမ်ပြန်
ဓမ္မဈာန်အခါခါစီးနေချိန်မှာ
ငါဟာခါလီပြန်ရတဲ့ခန္ဒာယာဉ်မောင်းပေါ့
‘ငြိမ်းချမ်းမှာပါ’
မှန်ထဲပုံရိပ်ထင်နေတဲ့မင့်မျက်နှာကို
မှန်ပေါ်မှာငါရမ္မက်နဲ့လျက်တုန်းမို့
အီဂျစ်စုန်းခွေးအရဲ့သွားရည်တွေ
ငါ့တစ်ကိုယ်လုံးထဲကချွေးလိုထွက်လို့
(မင်းထက်တောင်ပူပြင်းသလားအောက်မေ့ရတဲ့
၂၀၁၉ နွေ ကိုပြန်ဆင်ခြင်ကြည့်တော့လည်း
ယင်းဟာ မင်းရဲ့ငါ့ကိုပစ်ပယ်ခြင်းမှာ
ရေခဲချောင်းလေးလျှက်လို့)
ငါဟာအမြဲအထီးကျန်သူပါကွာ
ငါလာရင်ပန်းတစ်ခင်းလုံးညှိုးယော်သွားကြတယ်
ငရဲမှာလိင်ပန်းတွေမပွင့်ဘူး
ငရဲမှာအချစ်ဆိုတာမီးလောင်နေရင်းနူနာယားလို့
မီးနဲ့ပဲကုတ်ရတဲ့ပြစ်ဒဏ်ပါ
ငရဲကိုလာကြည့်ပါလားလေ တရားဓမ္မရဲ့အမြုတေ
‘ငြိမ်းချမ်းပါစေ’တဲ့
မင်းကြောင့်ငရဲကျနေတာ ငရဲမီးတွေပါ
ပင်လုံးကျွတ်ဝေဆာနေအောင်ပွင့်ပစ်လိုက်တာ
လှိုက်ဖိုမောတွေလန်းပြီးရင်းလန်းရင်း
အမြိုက်ရေစင်မင်းဖြန်းတယ်
ကျောကော့အောင်ကြာပွတ်နဲ့လှမ်းရိုက်သလိုပါပဲလေ
ငါဘာမှမထိတွေ့မခံစားရဘူး
ချစ်ခြင်းမော်တာစက်ထဲငါဂျုံးဂျုံးလည်နေတာ
ဘိလပ်မြေတဗြစ်အန်ထွက်ဖို့
သံချည်သံကွေးအလုပ်သမားအမြန်အလိုရှိသည်
အုတ်မြစ်မရှိတဲ့တိုက်မင်းဆောက်ဖူးလား
မင်းရဲ့ငြိမ်းချမ်းမှုထဲမင်းပျော်သလိုလောင်နေပါစေလေ
ဇယလ
၈ မေ ‘၁၉