ရောမန္တိက အချစ်အလွမ်းဖွဲ့

မင်းငါ့ကိုမချစ်တော့ဘူးဆိုလည်း
ချစ်ခဲ့ဘူးသလိုဆက်လိမ်နေလို့ရတာပဲ
တော်ရီးန် ၁၀၀၀မီလီဂရမ် ချိုလီးန် ၅၀မီလီဂရမ် အီနိုဆီတောလ် ၅၀မီလီဂရမ် နဲ့ လိုင်ဆီးန် ၅၀မီလီဂရမ် အချိုးအဆပါဝင်တဲ့
သင်္ဘောသီးစူစူစိမ်းစိမ်းလေးရေ
Green Papaya ကားထဲကကောင်မလေးဟာ
မင်းကိုမမီပါဘူးကွယ် Lolita ရဲ့အတတ်ပညာ
ငါဟာလည်း Gone with the Wind ထဲက
Clark Gable နှုတ်ခမ်းမွေးအလတ်စားလေးပေါ့ ငါ့သူငယ်ချင်းနှာဘူးဒစ်မင်းနဲ့ မင်းချစ်တင်းနှောခဲ့တာ စစ်တွင်းရွာလုံးကျွတ်ပြာကျတဲ့သတင်းအထိ
ငါသိသားပဲ
ပေါက်ပြဲသွားတဲ့အိုဇိုန်းလွှာထဲ လိင်ဆက်ဆံအပြီးသာယာကြည်နူးမှုနဲ့မင်းမှိန်းနေရင်း ဖက်တီးရဲ့ကြွက်မြီးမည်းကြီးကို
မင်းတစိမ့်စိမ့်စုပ်နေခဲ့တာ
အချစ်ဟာအဝေးကြီးပဲလို့မပြောလိုက်ပါနဲ့
အချစ်ဟာပြုံယမ်းဗီဇာ
ဩရှဝစ်ဇ်တ်ဆိုနာတာ
သားနိုစ်ရဲ့သိမ်းပိုက်လိုမှုမနက်ရမ္မက်စာ
စက်ဆီတွေပေနေတဲ့နှလုံးသားစစ်စစ်အော်ဂဲနစ်ပါ
ဘယ်တရားဓမ္မကမှအစွဲချွတ်လို့မရတော့ဘူး
ဩစတြေးလျကော့ကတူးအမောက်ဝါထာဝရလေးရေ
လှိုင်းပုတ်လို့လာတင်တဲ့ဗီးနပ်စ်ပင်လယ်ခရုထဲ
မင်းနဲ့ငါ ထာဝရဘုရားသခင်ဝှက်ထားတဲ့
အီဒင်ဥယျာဉ်သီးတွေပင်လုံးကျွတ်စားခဲ့ကြသေးတယ်
အခုတော့မင်းဟာ
ပယ်နဆောနစ်က်ဘက္ထရီသစ်နဲ့
နှိုးမရတဲ့ဘာသာစကားအသစ်နဲ့ပေါ့
ချွေးမော်လီကြူးတွေတစ်လုံးနဲ့တစ်လုံးပေါင်းစပ်ကြတဲ့
ဝတ်လစ်စလစ်ကမ်းခြေမှာ မင်းနဲ့ငါ
သီအိုရီအလျဉ်းကင်းကင်းနဲ့လက်တွေ့ပဲဗျင်းနေချင်တာ
ဒါပေမယ့်
မင်းဟာ အလှတရားရဲ့မူလမက်တဖာပါပဲ
မီးစိမ်းတွေပြာသွားအောင်ဖြတ်ကူးခဲ့တဲ့သစ္စာတရား
သရသံတစ်သံနဲ့ပဲရေချိုးခန်းထဲမင်းငါ့ကို
အငွေ့တထောင်းထောင်းပွက်ပွက်ဆူခဲ့တာ
ပြောပြချင်တာရှိတယ်
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲ
သူ့ကိုသူနဲ့ကင်းကွာနေတဲ့ ‘ငါ’သုံးစွဲပြောနေသူဟာ
လူသားချင်းဆက်ဆံလိုမှုယင်းပြင်းထရင်းမှာပဲ
တစ်ယောက်ယောက်ရဲ့လက်ကောက်ဝတ်ကိုလှီးဖို့
သူ့ကိုသူအမြဲသွေးနေတာ ရှမရှသိချင်လို့
သူ့လက်ကောက်ဝတ်သူလှီးလှီးနေတာဂေါ့သစ်က်ပဲ
အဲဒါမင်းငါ့ကိုမက်တဲ့အိပ်မက်လို့ပြောပြဘူးတယ်နော်
အဒီတုန်းကမိုးရွာထဲမှာ အခုခေတ်စားနေတဲ့
online shopping က Oxford pump နီညိုရောင်
တစ်ယောက်တစ်ဘက်မခွဲတမ်းစီးလို့
အခါတပါး၌ တောနက်တစ်ခုထဲ သမန်းလူတစ်ယောက်ပေါ့
လရောင်ဟပ်ရေပြင်ထဲသူ့မျက်နှာပုံရိပ်သူကြည့်ပြီး
ထရန်ဆစ်လ်ဗေးနီးယားကြီးတုန်ခါအောင်
နာနာကျည်းကျည်းအူခဲ့တာ Gary Oldman
စတာလင်ရဲ့ဆိုဗီယက်တပ်နီတွေသတ်ထားတဲ့
ကော့ဆက်က်ရွားသားအလောင်းအပြည့်သယ်လာတဲ့
ရထားလေး ခနော်နီခနော်နဲ့တောဘူတာလေးထဲတအိအိ
မင်းပြန်အလာကိုငါ့မှာတောပန်းတွေပိုက်ပြီးရင်ခုန်လို့
မင်းရဲ့နုတဲ့နယ်လေးကိုဟိုရမ်းကားကြီးယန်ကီးကောင်
ကတော်ပင်တော်ဆင်တုန်းထွက်လာတဲ့ညှော်နံ့တွေဟာ
ငါ့ကောင်းကင်မှာဥက္ကာပျံတွေဟုန်းဟုန်းကျွေကျခဲ့ကြတယ်
မပြောတော့ပါဘူးလေ
ငါ့ကိုငါတိရိစ္ဆာန်ကောင်သေလိုမြှုပ်နှံခဲ့တဲ့သစ်ပင်မှာ
အလုပ်လက်မဲ့ ဝင်ငွေလည်းမရှိ အနာတွေလည်းပေါက်လို့
တပွက်ပွက်ထနေတဲ့နွံအိုင်ကြီးထဲကတဖြေးဖြေး
ပေါ်လာနေတဲ့ငါ့မျက်နှာကြီးကိုမြင်လှည့်ပါ
လွှသွားကစင်ထွက်တဲ့မီးပွားတွေနဲ့သရဖူဆောင်းလို့
သိုးနံ့ထွက်နေတဲ့စွန့်ပစ်အချစ်ဖြစ်ဖြစ်နဲ့
နည်းနည်းလေးလောက်ပြန်ချစ်ပါလား
အဲဒါလေးတောင်မဖြစ်နိုင်တော့ဘူးတဲ့လား
အမေဇုံတောနက်ကြီးထဲက
ကောင်သေနံ့သင်းပန်းလေးရေ

ဇယလ
၃ မေ ‘၁၉

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>