မပြောကောင်းမဆိုကောင်းပေမယ့်
ပြောရဆိုရမှာပဲလေ…
“ဘဲငန်းပစ်ဖို့”အလာ
“ဆောင်း”ထဲမှာ
“မျက်လုံးလှလှတစ်စုံ”တွေ့ခဲ့ရတဲ့
“၃၅ကြိမ်မြောက်မှော်ဆရာ”ရဲ့”စပါယ်တွေ”ပါ…
အကယ်၍များ
“အမှန်တရားတစ်ခုတည်းကို
ဟောပြောဖို့ကိစ္စဟာ
နည်းနည်းစောပြီး
သိပ်နောက်ကျသွားပြီ”မဟုတ်ခဲ့ရင်…
အကယ်၍များ
“လူ့ဘဝဆိုတာ လှပတဲ့
ပြဇာတ်တစ်ပုဒ်” တကယ်ဖြစ်ခဲ့ရင်…
အကယ်၍များ
“ဗီရိုပေါ်မှာ ရောဂါတစ်ခုခုရနေတဲ့
နာရီဟာ
ကျွန်တော့်နာမည်” ကိုသိသွားရင်…
အကယ်၍များ
“လူတစ်ယောက်ဟာ လူတစ်ယောက်အကြောင်း
ငါဟာ ဒီ့ထက်ကောင်းအောင် မရေးနိုင်ပါဘူး။
ပိုကောင်းအောင်
အခြား ကဗျာဆရာများ ဆက်ရေးကြပါလိမ့်မယ်။”
မဟုတ်ခဲ့ရင်…
ဆိုပါစို့
“နယ်စပ်ပြည်သူတွေ”မို့
ဆိုပါစို့
“ငါသေခဲ့တာ
ငါတစ်ယောက်တည်းသေခဲ့တာ
မနည်းဘူးပဲ။”
ဆိုပါစို့.
“ငါပြန်မတက်နိုင်တဲ့ တွင်းဆုံးထဲ ကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်”
ဆိုပါစို့.
“တရားတွေ့သယောင် တကယ်မတွေ့ သရွေ့
မျောက်ဘဝမှလုံးဝမရွေ့”…
“အနုပညာဟာ ဘဝ
ဘဝဟာ အနုပညာ
လိုတာကို
လိုသလို
ပရိသတ်က ဖြည့်သွားရုံသာ။
ပျော်ဖို့ မကောင်းဘူးလား။”
ကိုအောင်ချိမ့်ရေ…ဆိုပါစို့
အကယ်၍များ
ကိုအောင်ချိမ့် တိမ်းပါးသွားခဲ့ရင်
နေရာဝင်ယူစရာလူ
ဘယ်သူမှမရှိဘူးဆိုတာပါပဲလေ…
ပြီး
ကဗျာခေတ်တစ်ခေတ်ရဲ့
လှပစွာပြီးဆုံးခြင်း….
ငါတွေအားလုံးရှုံးမှာပါ
ကဗျာကပဲနိုင်သွားမယ်…
ကြမ်းတုံးခုစရာမလိုဘူး…
“နံရံတွေလို ကျောဘက်မှာ တစ်ယောက်တည်းထိုင်
လက်ဖက်ရည်တစ်ခွက်သောက်
နေပူထဲဖြတ်ကာ
အိမ်ပြန်ရုံသာ။”
ကိုအောင်ချိမ့်ရဲ့အိမ်စစ်စစ်ဟာ
ကဗျာလည်းချစ်
ကိုအောင်ချိမ့်ကိုလည်းတန်ဘိုးကြီးကြီးချစ်ကြတဲ့
ကျွန်တော်တို့ မဟုတ်ရင်တောင်
ကျွန်တော့်ရင်ပဲဖြစ်ပါတယ်…
“ဟော…တဒေါက်ဒေါက်နဲ့.
တုတ်ကောက်နဲ့ လမ်းလျှောက်လာပုံဟာ
သေချာတာနဲ့ မသေချာတာလိုပဲ
တစ်သံတည်းထွက်နေတယ်။”
ဘယ်သူလဲ
ယုံကြည်ရဲရင့်စွာ
“ပန်းပွင့်ပြီး လူမခူးခင်”
“ခေါင်မိုးက လရိပ်မှာ
ငါ့ဝိညာဉ်ဟာ
မြင့်မြတ်နေရဲ့။”
ဘယ်သူလဲ
“ရေးလက်စကဗျာတစ်ပုဒ်ရှေ့တိုးလို့မရတော့တဲ့အခါ
ဘဝကြီးတစ်ခုလုံးပါရပ်တန့်
ရင်မဆန့်အောင်မှင်သက်
လွတ်ထွက်မသွားအောင်ဖက်ထားကြ”
မြန်မာပြည်မှာဘယ်သူလဲ
“တစ်ချက်မီးကောင်းကောင်းပွင့်ရင်
ကဗျာကောင်းကောင်းတစ်ပုဒ် ရမှာပဲ”
ကိုအောင်ချိမ့်ရေ
“အကောင်းဆုံးခေတ်ကြီးကိုရရှိတဲ့ ငါတို့ဟာ”
“ငါတို့နမ်းခွင့်မရသောပန်းများပွင့်ပါစေ”ပေါ့လေ…
” “ပိတောက်ပန်း” ဆိုက်ပါပြီလား
မိမိအချစ်ကို စောင့်ရှောက်ခဲ့ခြင်းအတွက်
ငှက်ကလေးရယ်…”
ကိုအောင်ချိမ့်ရယ်
“….ကျေးဇူးတင်ပါတယ်။”
ကမ္ဘာ့ကဗျာဆရာများ
မြန်မာ့ကဗျာဆရာများ
ဆုံးရှုံးစရာ
သံကြိုးတွေပဲရှိတော့တယ်။ ။
ဇယလ
၃၀ ဧပြီ ‘၁၉