(တစ်နေ့ကခြံထဲမှာ
ကျီးတွေရဲ့စိတ်ဆိုးသံတွေ အမွေးအရောင်တွေထက်တောင်
မီးတွေလောင်မည်းနက်
ဒေါသရဲ့
အရှင်လတ်လတ်
အသံတွေ
နောက်ကြောင်းပြန်ရရင်
သစ်ပင်ပေါ်မှာ
အစာအမြဲအော်တောင်းနေတဲ့ ကျီးပေါက်စလေး တစ်ချိန်လုံးတောင်းနေတာ ညရောက်မှပဲဆာတာအိပ်တော့တယ်
အဲဒီကြောင်မလေးလည်းထိုးစိပ်ရာတွေနဲ့ ပါးစပ်ထဲကလည်မြိုဆီတန်းထိုးစိုက်တဲ့အစွယ်
အမွေးအမင်နက်တွေကြား
ရစအသက်ကကလေးပါရောကျွတ်သွားခဲ့တာ)
ဘာမှမဖြစ်ခဲ့သလိုပဲဒီနေ့ဟာတိတ်ဆိတ်တယ် နေ့စဉ်သာမန်ဆူညံသံတွေထဲမှာဘာမှမရှိတဲ့မထူးခြားဟန်
ဖြစ်ခဲ့တာကပြီးပြီးပျောက်ပျောက်ပဲဆိုပါစို့
ဘာကျီးသံမှလည်းမကြားတော့ဘူး
ရုတ်တရက်ဆုံးရုံးလိုက်ရတဲ့ကလေးတစ်ယောက်
ကြိုသိထားပေမယ့် ဖြစ်သွားတော့လည်း
မယုံနိုင်အောင်တုန်လှုပ်ရတဲ့ ‘အမေဆုံးပြီ’
ပေါင်ရင်းကဖြတ်လိုက်ရတော့မယ့်ခြေတစ်ချောင်း
ဦးနှောက်ခွဲစိပ်သွေးခဲထုတ်ပြီး ဘာမှမတုန့်ပြန်နိုင်တော့တဲ့
သက်ရှိလူတစ်ယောက်
လှိုင်းလုံးကြီးတွေအောက်မှာ နေကြတာဖြစ်တယ်
လှိုင်းလုံးကြီးတွေအောက်မှာ လှိုင်းကလွဲလို့ဘာမှမကြား
ရုတ်တရက်အားလုံး တိတ်ဆိတ်သွားတော့မှ
ဘာကိုင်ရဘာဆွဲရမှန်းမသိပြုတ်ပျက်ကျကာမှ
စူးရှကြည်လင်တဲ့အသံတစ်ခု
ဖြစ်တာကနေ့အထဲမှာ ညအထဲမှာ နေခြင်းအထဲမှာ ဖြစ်လိုက်ရင်အထဲမှာချည့်ပဲ
အထဲဆိုတာကိစ္စတွေဖြစ်စရာနေရာလား
လှိုင်းလုံးကြီးတွေရဲ့တဝေါဝေါသံတွေအုပ်မိုးသွားကြတယ်
ကျီးအာသံတောင်ဒဏ္ဍါရီလိုလို
ဒဏ္ဍါရီထဲမှာပဲ သားဆုံးကျီးတွေအာနေသလို
ကိုယ့်မှာနောက်ကျမှသိရအထဲထဲမှာ
ပြောပြမတတ်အောင်တစ်ခုခုကိုထုံထုံပေပေစူးစူးနစ်နစ်
စက်သီးတစ်ခု ရစ်လုံးတစ်ခုရဲ့
ကြိုးတွေဝေးဝေးဝေးဝေးသွားနေတာ
လှိုင်းလုံးတွေခိုင်းသလိုမျက်နှာကိုထိုးအပ်ထားလိုက်တယ်
အထဲထဲကအထဲထဲဟာ
သူ့အထဲထဲကအထဲထဲတွေကို
အောက်ဘက်ကိုတဖြေးဖြေးဆွဲယူသွားတယ်
နောက်မကျသေးဘူး
နောက်ကျပြီးသွားပြီ
နောက်ကျပေမယ့်မပြီးသေးဘူး
နောက်ကျရင်ပြီးသွားပါလိမ့်မယ်
နောက် ကျ ရင်
နောက်ထပ်တွေ နောက်ထပ်ထပ်တွေ
အဲဒီအထဲထဲရဲ့အထဲထဲတွေထဲမှာ
မမြင်ရ မသိရတဲ့ လှိုင်းလုံးတွေထဲမှာ
ထ ထ ဒီနေ့ဟာတနင်္လာ
ဇယလ
တနင်္လာ ၂၉ ဧပြီ ‘၁၉