ရေမခြောက်သေးခင် အပြေးအလွှားမှတ်စု

မြောက်ဦးမှာဒုံးကျည်ကျရင်
ပုဂံမှာစစ်ဖြစ်သွားနိုင်တယ်
FB logic နဲ့ ဗီဒီယိုဂိမ်းကစားပါလား
‘ထောင်တွေစုထားတဲ့ပြည်’ လို့အလျဉ်စလိုမနောက်လိုက်ပါနဲ့လေ
ကျောင်းတုန်းကအလွတ်ကျက်ခဲ့တာတွေလွှင့်ပစ်လိုက်ရပြီ
အမေအိုဟာသံဆူးကြိုးနောက်မှာတစ္ဆေလို
စခန်းဟာဒုက္ခစစ်ပြေး အယုဓ္ဒရအဖြစ်လေး
ဘေးရှောင်ရာဟာမဝေးခေါင်ပါဘူး
ပြည်တွင်းလေယာဉ်နဲ့တင်တစ်နာရီခွဲလေးသာသာပေါ့
ငုံ့ကြည့်ရင်စိမ်းလန်းမှုတွေနံရိုးပြိုင်းပြိုင်းလူသတ်ကုန်း
ညစ်ပတ်ပေရေနေကြတဲ့ကလေးတွေဟာ
ညစ်ပတ်ပေရေနေတဲ့ခတ်ကြီးထဲသွေးချောင်းလိုစီးဆင်း
ဆိုင်းသံဗုံသံတွေနဲ့ကားတန်းရောက်လာတယ်
လူကြီးမိန့်ခွန်းဟောမယ် သကြားလုံးကျွေးမယ်
လက်ဆွဲနှုတ်ဆက်ဓာတ်ပုံရိုက်ပြီးလက်ပြပြန်သွားတယ်
ဤတွင်တစ်နေ့တာတာဝန်ပြီး၏ ညသတင်းမှာထပ်ကြည့်
ယာယီရပ်ဆဲပစ်ကွင်းထဲကင်မရာတွေတဖျတ်ဖျတ်
အလံတွေတလူလူနဲ့အယူသမားရဲ့စစ်ဝတ်စုံ
ရန်ကုန်ဟာလည်းသွေးချောင်းစီးခဲ့တယ်
သံမဏိစည်းကမ်းပိုင်ရှင်ဟာအဖွဲ့ငွေတွေဘုံးသွားတယ်
သံတမန်လက်နက်ပုန်းတွေနဲ့အပြုံးတွေဖက်လှဲတကင်း
ညီညွတ်မှစည်းကမ်းရှိမှတိုးတက်မှုဗလာဗလာဗလာ
တိုင်းပြည်ရဲ့ခန်းမထဲထိအဂတိသေးနံ့ထောင်းလို့
ဟော…ဆန်တွေဖျက်ဆီးလိုက်ပြီတဲ့
စားသုံးရန်မသင့် နေထိုင်ရန်မသင့် သင်္ဂြိုင်းတစ်ခုလို
ခံတပ်ပုံစံနဲ့သံရုံးဂိုဏ်းစတားတွေမထီမဲ့မြင်ပီကေဝါးလို့
နိုင်ငံခြားနည်းပညာသင်ခွေးတွေနဲ့ကန့်လန့်အစိပ်သား
ဘောလုံးကစားရင်းမိုင်းနင်းမိသွားတဲ့ကလေးအပိုင်းအစ
နိုင်ငံတော်သီချင်းဆိုဖို့အားလုံးမတ်တတ်ထကြပါ
ကိုယ်ထဲရိုက်သွင်းထားတဲ့သံဘယ်နှချောင်းဟာ
(ကိုယ်ခန္ဒာထဲမှာပဲသံချေးတွေလှိုက်စားလို့)
ကိုယ်ရောက်ရှိနေတဲ့အသက်အရွယ်ပဲဖြစ်တယ်
ဒုက္ခိတဘာသာစကားမှာဌာန်ကရိုဏ်းအကျအန
လေယူလေသိမ်းထဲဒဏ်ရာတွေနဲ့ပန်းပွားအက
ဘယ်သူမဆိုအသက်ကလေးကို
ဗုံးတစ်လုံးလိုတန်ဘိုးထားကြရှာတယ်
ဧဝံမေသုတံ ဧကံသမယံ နဲ့ ထံတြာတေရှင်
တောပန်းခူးသူများကိုသေတဲ့အထိပစ်သတ်မည်
ကျင့်ဝတ်မိုက်တွင်းထဲကပုသိမ်ထီးလေးနဲ့ဆဲလ်ဖီ

ဇယလ
၂၂ ဧပြီ ‘၁၉

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>