သိမ်းပိုက်ချင်တာနဲ့သိမ်းပိုက်ခံချင်တာဟာ
လျှာတစ်ချောင်းရဲ့ရင်ချင်းဆက်အမွှာပဲ
ကဗျာနဲ့တပ်မက်စိတ်တို့လှပစွာမျှတနေတဲ့အခါ
နှလုံးသားရဲ့ဝိဥာဏ်အမွှာခေါ်သံကိုနာခံတတ်ပြီပေါ့
အို…စူးပါပြီရဲ့နာပါပြီရဲ့နှုတ်လိုက်ရင်လည်းသေပါပြီရဲ့
ရူးရပါရဲ့မြူးရပါရဲ့ကျူးလိုက်ရင်လည်းနူးရပါရဲ့
အကြည့်တစ်ချက်တွင်ပင်လျှင်
ဖန်ဆင်းရှင်လိုလိုကိုမြိုရင်းနင်မိလျှက်သား
ဘဝတစ်ခုဟာ
အပြုအစုအယုအယလစ်ဟာနေတာ
မြိုင်တောမှာကြမ်းလှချည်လား
ခယမှုကို
လိုတက
ခရေစေ့တွင်းကျခလုတ်တွေကိုနှိပ်တော့တယ်
တစ်သားတည်းဆီသွားချင်တဲ့လမ်း
အိပ်မက်မှာတစ်ယောက်တစ်ချမ်းယှက်ကြတာမက်ရတာ
တစ်ခုမကအခုပဲ
ရချင်လိုချင်ချစ်ချင်နေပြီသိလား သိလား
သမုဒယမှုထဲ
မြချင်မြိုချင်မြစ်ရင်ခွင်မှာမြုပ်နေချင်တာသိရဲ့လား
နတ်စကားနွားပါးစပ်ကမထွက်သလို
မရှိတဲ့စမြုံ့ပဲအမြှပ်ထွက်အောင်ပြန်နေရသလို
ပြောတတ်ချင်တာပေါ့—
heart ရှိမှ hurt ရတာမို့
hurt တာဟာလည်း sweet ပါတယ်လေ
hurt လိုက်စမ်းပါ sweetheart ရေ —
(အယ်လယ့်)
လှမ်းလိုက်တိုင်းကော့ပျံသွားတဲ့ခြေချောင်းလှလှတွေ
အဂ္ဂိရတ်ပါပဲ လုံထဲသံဟာပြဒါးဖြစ်သွားသလို
အချစ်ဟာ/မှာ
ဘဝမှာ/ဟာ
ဘဝင်နိုးကြွ ရင်ပြင်မှာအခိုးထလို့
ဘိသိက်ပန်းနဲ့ထိုက်တန်တဲ့ဘိသိက်ရေတွေဖြန်းလို့
အဲဒီနှုတ်ခမ်းတစ်စုံပေါ်
အစေခံလိုအရှင့်သား
အသေခံညွတ်နူးလိုက်ရပါပြီပေါ့တို့ဘာတို့
ဘဝရဲ့ဘူမိနက်သန်မှာ သမုဒယရဲ့ဘူးတောင်းထဲ
နုသမျှပြုပြီးပြုသမျှနုရတာတွေ
သပိတ်ဝင်အိပ်ဝင်ဘောင်ဘင်ဝေစေသားပါဘေဘီရေ
ကိုယ့်ထဲမင်းဝင်ပူးနေပြီပေါ့ပူတူတူးလေးရေ
ကိုယ့်ကိုရူးစေတာဟာမင်းပဲ
ကိုယ့်ကိုထူးစေတာဟာလည်းမင်းပဲဖြစ်ပါစေ
ရှေးပါဠိပါဌ်သားစကားတွေအရ
သစ္စာရဲ့သမာဓိနဲ့
သဘာဝယုတ္တိအာဂမယုတ္တိတွေပေါ်
သမာဓိဂုဏ်ရဲ့သိင်္ဃာရသစ္စာတွေ
စူးစူးနစ်နစ်သရဇျာယ်စေသား…
မပြောတတ်တော့ဘူးကွာ
ချစ်တယ်…သိလား…
ဇယလ
၃ ဩဂုတ် ‘၁၈