တစ်နေရာရာမှာကိုယ်ဟာတစ်ခုခု
တစ်နည်းနည်းအားဖြင့်မဖွံ့ဖြိုးခဲ့လေသလားလို့တစ်ခါ
တစ်ခါဒလက်နီတွေနဲ့လေရဟတ်ထဲပိုးဟပ်နီတွေ
လူ့ဇာတ်ကိုခါးကဖြတ်ပြီးခင်းကြတယ်
လသာမှာဖြစ်ဖြစ်လန်ဒန်မှာဖြစ်ဖြစ်လိစ္ဆဝီတွေမှာဖြစ်ဖြစ်
လေဟာနယ်တွင်းနက်တွေထဲပြုတ်ကျရင်
လူဖြစ်ခြင်းဂိမ်းကိုရောက်တဲ့နေရာမှာပဲထပ်ခါထပ်ခါ
အနိုင်ရောအရှုံးရောလောင်းကြေးထပ်ခါထပ်ခါ
ဘေဘီရေ…လို့ခေါ်လိုက်မိသယောင်ထပ်ခါထပ်ခါ
ရှေးဦးလူသားတွေဟာတောင်ထိပ်ကနေဆင်းလာကြပြီး
တစ်နေရာမှာယနေ့လူသားတွေဖြစ်သွားတယ်
မူလဗီဇအလို့ငှာတောင်ထိပ်ပြန်တက်ကြရတယ်
လေဟူးဟူးတွေကြားလမ်းဟားဟားတွေမှား
တံတားထိပ်မှာတိမ်တစ်ဆုပ်ဟာရပ်တန့်လို့နေတယ်
ပြီးကိုယ်ပျောက်ခဲ့တဲ့အရာတွေထဲ
လေအပြည့်နဲ့ရွက်လှေလေးလည်းလွင့်မျောသွား
ကိုယ်ပြန်မရှာပဲပြန်ပြန်ရှာနေတာလား
မဖွံ့ဖြိုးနိုင်တော့တာကိုသိနေပြီး
ဖြစ်တည်လာနေခြင်းဆီပဲသွားနေတာလို့
လေသံပျော့ပျော့နဲ့လည်ဆည်ရတာပေါ့
ဒါန်းစီးဖို့တရားနာဖို့လေဖမ်းတဲ့အရွယ်မှာ
လေငန်းမိခဲ့တာလို့ပဲကိုယ့်ကိုကိုယ်စီရင်
အို…ရှင်ခြင်းရဲ့လေရဟတ်များ
ရှင်ခြင်းရဲ့လေရဟတ်များ
လက်ဆုပ်ထဲမရှိတာကိုတင်စားလေချင်းလား
လေကြမ်းလို့လန်သွားတဲ့စကပ်ကိုမငဲ့ပဲ
ကောင်မလေးဟာကောင်လေးရဲ့လက်မောင်းကိုတင်းတင်း
ကြပ်ကြပ်ဆုပ်ကိုင်ပြီးလမ်းကိုပြေးကူးလိုက်ကြတယ်
ကောင်လေးရဲ့လက်ထဲကထီးဟာ
မိုးကြီးထဲနောက်ပြန်လန်လွင့်ထွက်လို့
လေချိုသွေးပြီးသွေးတိုးစမ်းခဲ့ကြတာဟာ
နှလုံးသားတွေဘာတွေဖြစ်လို့
လေနဲ့လုပ်တဲ့ပြက်လုံးတွေလည်းတကယ်အရှိပါ
လေဟာနယ်ရဲ့ဟာနေတာထဲ
ချော့မြှူလိုက်ရင်ဝင်လာတာဟာလေပဲလား
ဝင်ပါစေလေကိုယ်တွေဟာလေပြွန်တွေနဲ့လုပ်ထားတာ
ကိုယ်တွေမှာလည်းလေအိပ်တွေဒလက်တွေနဲ့ရဟတ်တွေ
လေလပ်တဲ့အချိန်မှာရပ်နေရတဲ့ကြမ္မာတွေ
ရှေးဘဝအသီတေကကမ္မဇလေတွေ
ဝင်ပါစေလေ
ရဟတ်ရဲ့ဒလက်တွေလည်ကောင်းလည်ကြရတာပေါ့
သက်ငြိမ်ပန်းချီကားဟာသက်ဝင်လှုပ်ရှားရတာပေါ့
လှုပ်ရှားမှုမှာအာရုံခံစားကြတာပေါ့
တစ်နည်းနည်းနဲ့တစ်ခုခုကိုတံစက်မြိတ်မှာချိတ်တာပေါ့
လေပေါ်မှာလမ်းလည်းလျှောက်ဘူးကြရတာပေါ့ကွယ်
ဇယလ
၂ ဩဂုတ် ‘၁၈