ဆိုလိုတာကအသွင်သဏ္ဍာန်လောကထဲ
အသွင်သဏ္ဍာန်ယူကြရတာတွေ၊အီလက်ထရွန်ဖွဲ့စည်းမှု
ခေါင်းချင်းယှဉ်ယာဉ်တိုက်မှု၊နှုတ်ခမ်းသားနဲ့အသားတို့
ထိစပ်ရာမှာရုပ်သဏ္ဍာန်၊စိတ်သဏ္ဍာန်၊နိမိတ်သဏ္ဍာန်တို့
အုပ်လိုက်တွေထပျံကြ
ဘာသဘောမပေါက်စရာရှိသလဲလေ
လေရဲ့အသွင်သဏ္ဍာန်အထိအတိအကျ
ယင်အုံနေတဲ့နွားကြီးခေါင်းပြတ်ထွက်ကျလျှာပေါ်က
လျှို့က်ကထာကိုပြူးနေတဲ့မျက်လုံးကလိုက်ဖတ်နေတယ်
ကြားဘူးစရာတွေကြုံဘူးစရာတွေမြင်ဘူးစရာတွေအပြင်
ညအိပ်မရလက်ခလယ်ရဲ့ရင်ကဆုန်ခုန်ပေါက်မှု
ပြည်တော်မပြန်တတ်တော့တဲ့ရှေးဆင်းတု
ချစ်ခြင်းနဲ့တုန်ခါလမိုင်းကပ် နဂါးပါးစပ်ကမီးခိုးတန်းပေါ်
ရင်ချင်းကပ်ပြီးသိပ်သည်းမိုးကြီးရွာချမှု
အသွင်သဏ္ဍာန်ရဲ့ပုလွေသံသဲ့သဲ့လေးထဲမှာ
မြင်ကြည့်လိုက်စမ်း
မိုးသည်းထဲမလုံတဲ့ထီးတစ်ချောင်းအောက်
နှစ်ယောက်သားဘတစ်ပြန်ကျားတစ်ပြန်
သဘာဝကိုအဓိပ္ပါယ်မဲ့လွန်ဆန်ရုန်းကန်နေကြတဲ့ပြဇာတ်
ပြီးတော့လည်းလူသားဦးခေါင်းတွေနဲ့ငှက်တွေ
အိပ်တန်းရှာပျံသန်းရတာပဲမဟုတ်လား
ကြားမှာကောင်းကင်ကိုပါအလိုတူဇာတ်ခင်းသွားပြီးတော့
ပြီးတော့သွားပွတ်တံနဲ့သွားတိုက်ဆေးကိစ္စမှာစကားထများ
အသွင်သဏ္ဍာန်တွေရင်ခံလာရတာလည်းရှိတယ်
တဖြေးဖြေးဆွဲဆန့်ခံရတဲ့အမြှေးပါးတစ်ခုရဲ့
ဖွင့်ဟရုန်းကြွပေါက်ပြဲမှုဟာဇတ်ကနဲစိတ်ထဲ
ကြိုးတစ်ချောင်းကီးအောက်သွားတာသမုဒ္ဒရာရဲ့ဝမ်းထဲ
လူတစ်ယောက်ရဲ့အမစ်ဂ်ဒါးလား(အဓိပ္ပါယ်ရှာဖတ်ပါ)ထဲ
ရှိတဲ့ရှေးဟောင်းယုံကြည်မှုကျွဲခေါင်းနဲ့ယောင်္ကျားရဲ့
ကြုံးဝါးအော်ဟစ်သံကြီးဟာလူရှင်းတဲ့ဆိုင်ရဲ့စားပွဲပေါ်
နှစ်ယောက်ကြားတစ်သျှူးပေပါလိပ်ဘူးထဲကထွက်ကျ
ပေ၂၀အောက်ဖုံးလွှမ်းလိုက်မယ့်ပြောစရာကုန်ခမ်းခြင်း
နှစ်စိတ်တစ်ကိုယ်နှစ်ကိုယ်တစ်စိတ်သွေးမတိတ်ရဆိုသလို
ခန္ဒာတွေထဲတံခါးမဲ့ဓားမဲ့
ဝင်ထွက်သွားလာခဲ့ကြတဲ့လက်တွေဟာ
(အသွင်သဏ္ဍာန်လောကမှာဖြစ်ကောင်းဖြစ်တတ်ကြသလို)
ရေသေတစ်ခုရဲ့နှလုံးသေဧစက်ကိုကိုင်မိလျှက်သား
လက်တွဲမဖြုတ်သေမျောကမ်းတင်မြက်တစ်ပင်ပေါ်
ထိုင်ခုံမဲ့စီးခဲ့ကြသလား
လောကမှာဘာတွေဟာအသွင် ဘာတွေဟာသဏ္ဍာန်
ပလေတိုကအစနိဗာနနဲ့
ဘာတွေဟာကြားခံအဆင်တန်ဆာ
ဘာဟာဘာမှမပြောတဲ့တုံဏှိဘာဝေ
တဒိတ်ဒိတ်ခုန်နေတဲ့နှလုံးထိန်းကြွက်သား
နတ်သားတစ်ပါးလိုပဲဒိဗစက္ခုရပြီးနှုတ်ပိတ်ခံရတာ
စကြဝဠာရဲ့အစ
အချစ်တစ်ခုရဲ့အဆုံး……
နှလုံးတစ်ကန့်ဟာကဏ္ဍခွဲပြီးရပ်နားပစ်လိုက်တယ်
အသွင်သဏ္ဍာန်လောကမှာဟိုးလေးတကျော်
တိတ်ဆိတ်သွားခဲ့တယ်
လေထဲပြောင်းပြန်ပျံနေတဲ့ငှက်ဟာ
ပျံရင်းလေကိုတည့်မတ်ပစ်လိုက်တယ်
ဇယလ
၂၇ ဂျူလိုင် ၁၈