ခေတ်ဟာ စကားလုံးတွေနဲ့ ပေါ်လာပြီး
ခေတ်မသေခင် စကားလုံးတွေ အရင်သေသွားတယ်
အဲဒါနိမိတ်ပဲ
အတင်းထိုးကျွေးလို့ အန်ကုန်တာပဲရှိတယ်
အာဟာရမဖြစ်၊ မတင်းတိမ်၊ ဆာလောင်မှုပဲ ကျန်ခဲ့တယ်
အဲဒီစကားလုံးတွေနဲ့ ချီတက်ခဲ့ကြတယ် ကွင်းပြင်ထဲ
အနာဂတ်ကြီး ရှိနေသယောင်ယောင် အသံချဲ့စက်ထဲ
အဲဒါပြီးလိုက်ဖို့ လျှာကိုဖြတ်လိုက်ရတာတွေ
အသံကြိုးတွေ ပြတ်တောက်တဲ့အထိ
အလံကို မွေးခဲ့ရတာတွေ
အဲဒါပြီး၊ နောက်ထပ်စကားလုံးတွေ ရောက်လာတယ်
အသက်ပါမလာတဲ့ စကားလုံးတွေ
အဓိပ္ပါယ်လျှောမွေးတွေ
ဖော်မလင်စိမ်ထားတဲ့ အနက်တွေ
ရက်စက်မှုဟာ အဆများစွာ တိုးလာတယ်
အတော်ဆုံး လူရည်ချွန်တွေ တောခိုသွားကြတယ်
ရှိပြီးသားဘဝတွေကို ကုလားဖန်ထိုးပြီး
စကားလုံးတွေကို ရင်းကြတယ်
ဝတ်လစ်စလစ်ချွတ်လိုက်တော့ လည်ဆည်မှုဟာ
မိမွေးတိုင်း
ကြီးပြင်းခဲ့တဲ့ အဆောက်အအုံတွေ ပြန်စိစစ်
လှီးထုတ်လိုက်ရင် ကိုယ်ပါအဆစ်ပါသွားမယ်
ခေါင်းပဲ အမြဲမလွှဲရင် ငုံ့နေခဲ့ရတယ်
ခေတ်ကြီးကတော့ ခေါင်းဖြတ်စက်ထဲ ဆက်သွားတယ်
စကားလုံးအသေအပုပ်တွေနဲ့
အလံတွေလွှင့် အသံတွေမြှင့် အညံတွေဆင့်ခဲ့ကြတဲ့အရွယ်
လူငယ်တော်တော်များများဟာ
ရုံထဲမှာ အောကားတွေ စကြည့်ခဲ့ဘူးတယ်
ဘဝဟာ အနုပညာမဟုတ်ခဲ့ဘူး
အနုပညာဟာ အတတ်ပညာ မတတ်ခဲ့ဘူး
အတတ်ပညာဟာလည်း အဲဒီဘဝတွေထဲမှာ
ဘာမှ ဟုတ်တိပတ်တိ မရှိခဲ့ဘူး
ဖန်တီးမှုဟာ အန္တရာယ်ပဲ
အန္တရာယ်ကို အချို့လည်း တမင်ဘဝရင်းပြီး
ဖန်တီးရယူခဲ့ကြတယ်
စကားလုံးသစ်တွေမွေးဖို့ စကားလုံးသစ်တွေရှင်ဖို့
အဓိပ္ပါယ်မဲ့ဘဝထဲမှာ နေသာထိုင်သာရှိခွင့်ရတဲ့
စကားလုံးအရှင်တွေ ဖြစ်လာဖို့
ခေတ်အသေကို တံဆိပ်ကပ်ဖို့ ရင်းခဲ့ကြရတယ်
သတင်းတွေဟာ ကဗျာတွေထက် sexy ဖြစ်ခဲ့ကြဘူးတယ်
ဇယလ
၁၇ ဂျူလိုင် ‘၁၈