စစ်တစ်ပွဲပြီးစာပဲ ခွဲနေရမှာပါ၊ ပြီးရင် တစ်ယောက်
နဲ့တစ်ယောက် ပြတ်တောက်
အင်္ဂါတွေ လိုက်ကောက်ကြတာပေါ့
ဟောဟိုမှာ ရှင့်ကတိ ဟော တွေ့ပြီ မင့်လက်မှတ်
ဟော ဒီမှာ ရှင့်
တိုင်းပြည် ဒီမှာလေ မင့်တောင်တန်းတုန်းက အရာ
လရောင်အောက်မှာ
လ,ယွင်းတွေနဲ့
အချစ်ကို ထပ်မံအတင်း နှောခိုင်းကြတာပေါ့
ဒါဒို့ပြည်
ဒါဒို့မြေ
(ရာဇဝင်မှာ ဗျာတင်လို့)
ခေါစာ မဝကြဘူးလေ ….
ဒို့တတွေ
သမိုင်းရဲ့
မိလ္လာပိုက်လိုင်းပေါက်ကြီးဘေး
တိုင်းရင်းသားများ တူညီ
ရိုင်းပင်းမခြားစွာ ကူညီ
တူးနယ်တဲနယ် .. ဗျောင်း
သေတမ်းစာဖတ်နေတဲ့ အလံတော်ကို
ငါတို့မှန်တယ် ရင်ပတ်ပေါ်အုပ်ပြီး
ဖက်ထားချင်ပါတယ် တစ်ယောက်ပုံရိပ် တစ်ယောက်
ကြေးမုံဟာ ယုံ့ရွဲ့ခဲ့ပြီကော
ကြာမမီ …
လွတ်လပ်သည်လည်း ရှိကြသည် …
တိုင်းပြည်ကို ယာယီရပ်နားလိုက်လို့ မရဘူးလား
အခြားမဟုတ်ပါဘူး
ပုပ်သိုးနေတဲ့ ပြည်သူတွေကို မွေးဖို့ပါ
မြင်းပဲစီးစီး နွားပဲကျောင်းကျောင်း
ရုပ်ထုတွေဟာ ရင်ပတ်တစ်ဝက်မက
ကနေတဲ့အလောင်းတွေထဲ မြုပ်နေပြီ
ခဏလေးပါဆိုရင် သူတို့စောင့်ကြမယ်မဟုတ်လား
ဓားလှဲတကင်း နောက်ကျောထိုးဖက်ဖို့
ငါတို့အလောင်းတွေကို
ဘာနာမည်တပ်တပ် ဘယ်အရပ်ကဆိုဆို
ဘယ်လိုနံပါတ်ချိတ်ချိတ်
(မင်းနဲ့ငါ စိတ်တစ်တူ)
မမှားပါဘူးလို့ သူတို့ဆက်ခေါင်းညိတ်ကြမှာပဲ
မဟုတ်လား (တရုတ်မယားရေ)
စာရင်းပျောက်တွင်းတစ်တွင်းထဲမှာ
မင်းနဲ့ငါ
အမည်မဖော်လိုသူတွေကြား
ခန္ဓာမဲ့ ချစ်ကြရတော့မှာမို့
ဇယလ
၁၃ ဂျူလိုင် ‘၁၈