အဲတော့၊ ဂူကိစ္စကလည်းမပြီးသေး
ဒီနေ့ရည်ရွယ်ချက်နဲ့ အောက်ခံဘောင်းဘီ၂ထည်
ဝယ်ခဲ့တယ်၊ ဝတ်မှုန်ကူးရတယ်၊ အောက်ခံဆိုတာ
အဓိပ္ပာယ် လိုရာဆွဲတွေးပေါ့၊ ကူးသူပဲသိကြတယ်
သမ္ဘူလမှာလည်း ရှိခဲ့မှာပါလေ
သမ္ဘာနဲ့
ကြမ္မာဟာ
ဘယ်လိုပြောရမလဲ၊ ရေလွတ်ရာ ပြေးကြတာပေါ့
‘မသိစိတ်ကို မယုံကြည်ဘူး’တဲ့၊ အင်း…လေ…
သိစိတ်နဲ့ ယုံကြည်လို့မှမရတာ အင်းလေးကအစ
အင်းလျားကန် ဘာတွေ ကျားကန်ထားလို့လဲ
ကိုယ်ဆွဲထားတဲ့ကြိုးဟိုဘက်မှာ ဘာရှိသလဲ
အဲတော့၊ လူကိစ္စဟာလည်း တမြုံ့မြုံ့နဲ့
မြုံ့ရုံရှိသေး၊ ရယ်မောပစ်လိုက်ပေါ့
ရယ်ရတာ မမောသေးတဲ့အထိ
နှစ်ခုနစ်ဆယ်ကြာ အခုပြတဲ့ပြပွဲလို
သေသူတွေဟာ
စိတ်လိပ်ငွေ့ထဲ ပြန်ရှင်လာကြတယ်
ရှင်သူတွေဟာ
စိတ်လိပ်ငွေ့ထဲ ပြန်သေသွားကြတယ်
ဖိနပ်ဗလာနဲ့ နင်းရတဲ့ ဖန်ကွဲစတွေ
ယိုင်နဲ့လှေကားနဲ့ တက်ရတဲ့ အလင်းပေါက်
(ကိုချမ်းအေးဇော်လို့ပြောရင် ငါ့ကျတော့
မပြောဘူးလားဆိုတဲ့) စတီးချောင်း
ထည့်ကြရတော့မယ့် မူလခြေထောက်တွေနဲ့
(ချစ်သောလူဆန်းလည်း ပါတာပေါ့)
NCS ရဲ့ miniature works ပွဲရောက်ခဲ့တယ်
“၂မိနစ်ပဲပေးပါ၊ ဒီဗီဒီယိုလေးကိုပဲ ကြည့်ပါ”
မာ့န်ခ့်ရဲ့(မိမိတို့ရဲ) အော်သံရုပ်ကြီးတွေကြား
‘ပလုံမြည်သံကြား’ နဲ့
အသံမဲ့ရေထဲ ပလုံခြင်းရဲ့ စက္ခုပသာဒ
အနုပညာဟာ အခြားဘာသာစကားဆိုတာ —
ယဉ်ကျေးမှုတက္ကသိုလ်နဲ့ နိုင်ငံခြားဘာသာစကားသင်
တက္ကသိုလ်တွေနဲ့ ကွာခြားတာက—-
လူကို သွေးဖဝါးယားစေတယ်၊ ဂူထဲကဘယ်လို
လျော့ရိရွဲပြီး ပေါက်ပြဲနေတဲ့အောက်ခံဘောင်းဘီတွေဟာ
နွေးထွေးတယ်၊ အသစ်ဟာ ကြပ်တယ်၊ မာနကြီးတယ်
မာ(ရ်)န(တ်)ကြီးသလား မမေးနဲ့
သူ့ဂုဏ်သူ မဖြေလျော့တတ်မချင်း
ဟိုဘက်မှာ ဇာတ်လမ်းဟာ သွားနေပြီ
ဒီဘက်မှာ ချယ်နလ်ဖမ်းမရဘူး ဖြစ်နေတယ်
ပြောရဦးမယ်နော် မနက်ဖန်ဟာဆဲဗင့်ဂျူလိုင်
ယူတို့ဘာအစီအစဉ်ရှိကြသလဲ၊ တိဘက်မှာတရား
သွားထိုင်ကြမလား၊ စိတ်ဓာတ်ဆက်မွေးကြမလား
စသည်ဖြင့်၊ စသည်ဖြင့်၊ စ(၍)သည်(အား)ဖြင့်
ဂူထဲမှ ဘယ်လိုထွက်ရမည်မသိသေးပေလင့်
ကိုယ်တော့ အောက်ခံဘောင်းဘီ၂ထည် ဝယ်ခဲ့တယ်
ဘယ်သူလဲကွယ် ပြောခဲ့တာ
“ဆူရီယလ်ပြောတိုင်းလည်း မပြုံနဲ့
ဆူရီယလ်ဟောတိုင်းလည်း မဟုန်နဲ့”
ကိုယ်ဆွဲနေတဲ့ကြိုးဟာ ကိုယ့်ကိုဆွဲနေတာ
ကိုယ်သိနေတယ်ဆိုတာဟာ စိတ်လိပ်ငွေ့ထဲ
ဖိနပ်ဗလာနဲ့
crocodile ဟာ ကံကြမ္မာရဲ့ brand တစ်ခုလား
ငပိဆီက မက်ဆေ့ဂ်ျဝင်လာတယ်
ရုပ်နဲ့နာမ်နဲ့ တစ်ထပ်တည်း ပစ္စုပ္ပန်မှာရှိပါပြီ တဲ့
အောက်ခံဘောင်းဘီဆိုတာ ဘာလဲဟင် …
ဇယလ
၀၀:၀၈
၇ ဇူလိုင် ‘၁၈