သားအိမ်ထဲမှာ အကြိတ်တွေ့တယ် ဟုတ်လား
လိပ်ပြာဟာ
လပတ်လမ်းကြောင်းထဲ
လွင့်စင်သွားတော့တယ်၊
အလင်းထဲ ဝင်လာပါ အမြင်ခံလိုက် ဝန်ခံလိုက်ပါ
အဲဒီ အကျိုးအပျက်လတွေဟာ
အဲဒီ အကျိုးအပျက်ညတွေမှာ
ကျိုးပျက်စွာပဲ သာနေပါဦးမလား
စိတ်ချမ်းသာအောင် ညာမနေချင်တော့ပါဘူး
သားအိမ်ထုတ်လိုက်ရတယ် ဟုတ်လား
သားအိမ်မရှိတဲ့မိန်းမဟာ မိန်းမစာရင်း အပယ်ခံလား
ကျမသားအိမ်ဟာ ကိုယ့်လူသူ့ဘက်သား
ကျမယုံကြည်အောင် နေခဲ့လေရော့သလား
ဘာသားနဲ့ ထုထားလို့လဲ အနည်းဆုံးတော့
(ယောက်ျားက ပြောတယ်)
ပိတောက်သား ၅ကျပ်သား
သားကြီးငါးကြီးလို သားစိမ်းငါးစိမ်းလို
ကျမကိုယ်ကျမ သားခွဲရတော့မယ်
သားတစ်ရဲ့ မျက်ရည်ဟာ သားနံရည်ပါပဲ
အဲဒါ ကျမရဲ့ သားမြီးယပ်
ကျမဟာ သားရည်ကျက်နဲ့လုပ်ထားတဲ့မိန်းမ
ဖြစ်သွားခဲ့ပြီလား
လောလောဆယ်တော့ သားရည်စိမ်းဟာ ကျမပဲ
ကျောခိုင်းခဲ့တာကို မျက်နှာမူပြီး
မျက်နှာမူခဲ့တာကို ကျောခိုင်းရတော့မယ်
မပူပါနဲ့
ကျမသားအိမ်ထုတ်တာပါ
ရှင့်လဥထုတ်တာ မဟုတ်ပါဘူး
ဒီပြဇာတ်ကို ကြည့်ကြ
မင်းတို့ကြည့်ကြ ဒင်းတို့ကြည့်ကြ
အရေးကြီးပြောစကားမှာ ကျမချောင်းဆိုးမိခဲ့ရ
လာကြစမ်း သားဥတွေလာကြစမ်း
ငါ့မှာ သားအိမ်မရှိတော့ဘူး
ဆောရီးပါ သတ်ပုံဘယ်လိုပဲမှန်မှန်
ငါကျွမ်းပျံနေတဲ့ မိန်းမပါ
ကျမကြားတဲ့သတင်းကို
ကျမထံကျမ ပြန်မပို့နိုင်ခဲ့ဘူး
အမိသားကြောဖြတ်ခန်းကို
နိပါတ်တွေမှာ ကျမပဲ မျက်စိမှားခဲ့လေသလား
ကျမကိုယ်ကျမ အိတ်ထဲထည့်ပြီး
အိတ်ကိုကာကွယ်ဖို့ ဆူးတွေပေါ်နင်းရပြီ
ကျမ မရည်ရွယ်ခဲ့ပါဘူး
ကျမကို ရည်ရွယ်ခဲ့တာပါ
မရှိတရားဟာ အရှိတရားဖြစ်ခဲ့ပြီ
မလိုမတရားကို ဟောဒီမှာလေ ကျမရခဲ့ရပြီလေ
ကျမပြတင်းမှန်မှာ ခဲတစ်လုံးဟာ
ကျမတစ်အိမ်လုံး ငလျင်လှုပ်ခဲ့ရပြီလေ
ဩခက်စတြာတီးဝိုင်းကြီးတစ်ခုလုံးကို
ကျမတစ်သံတည်းအသံမဲ့တီးပြရပြီကော
ဖြစ်ကြောင်းကုန်စင် ပြန်ဖွင့်ကြည့်တော့
သူတို့ပြောသလို နှိုင်းရဓမ္မပဲပေါ့
မိမွေးတိုင်းဖမွေးတိုင်း
ပလာကျင်းကျင်း ပလုတ်ကျင်းပြီး
ထွေးထုတ်လိုက်တာ ကျမကိုကျမပဲပေါ့
ဟုတ်လား
ဥထဲက လင်းတပေါက်စ ဝေနေတဲ့ အဝီစိစွပ်ပြုတ်
ဇစ်ပြုတ်နေတဲ့ မနောဟပြဲကြီးထဲ
ဖန်ကွဲစတွေ ဝါးမြိုချနေတာ ကျမပါပဲရှင်
ကျမတောင်းဆိုတယ် ကျမမရခဲ့ဘူး
ကျမမတောင်းဆိုဘူး ကျမရခဲ့တယ်
ဘာထပ်ပေးဦးမလဲ ကျမကို
အားလုံးအဆင်ပြေသွားမှာပါ လို့
ဆရာမကြီးက ပြောတယ်
ပြီး ကျမ ဘာမှမသိတော့ဘူး
ကျမ ပြန်သိလာတဲ့အခါ
ဆရာမကြီးက ပြောတယ်
အားလုံးအဆင်ပြေသွားမှာပါ တဲ့
ကျမ ဉာဏ်နည်းပါတယ်
အားလုံးဆိုတာ ဘာတဲ့လဲ
ကိစ္စဟာစောလို့ပေါ့ တဲ့
သားအိမ်ရှိတဲ့ ဆရာမကြီးက
နွေးနွေးထွေးထွေး ပြောပါတယ်
ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်
ကဗျာဆရာ/ ဆရာမတွေလိုလည်း မဖွဲ့တတ်ဘူး
ကံကြမ္မာဆိုတာကိုလည်း နားမလည်နိုင်ဘူး
ယောက်ျားကိုလည်း မသိဘူး မုန်းတယ်
သားရေ၊ အိမ်ပြန်လာပါတော့လား
သားလောင်းလာမှာ မဟုတ်တော့တဲ့
သားလမ်းမှာ
သားသတ်ရုံထဲ
ဒီအိမ်ကို
ဖြုတ်ထုတ်သတ်ခဲ့ရပြီကော
ထုတ်လိုက်တဲ့သားအိမ်ကို
ဆားနဲ့ နိုင်နိုင်သိပ်ပြီး
ရေခဲသေတ္တာထဲထည့်လိုက်တယ်
အိပ်မရတဲ့ညများဆိုရင်
ရေခဲသေတ္တာနား ကိုယ့်လိပ်ပြာကိုယ်မဝံ့မရဲ
အထဲမှာ စကားမတတ်သေးတဲ့ ကလေးငယ်ရဲ့
မပီကလာရယ်သံလေး
နေရင်းထိုင်ရင်း သွားရင်းလာရင်း
ကျမပုံသဏ္ဍာန်တွေ ပြောင်းတယ်
ကျမကို ပြုံးလျက်သား တွေ့စေရမယ်
ပြုန်းလျက်(၊)သား(၊)ရေ
ဇယလ
၎ ဂျူလိုင် ‘၁၈