သေသွားရင် ရာထူးချင်း အတူတူပဲ
ကတုတ်ကျင်းထဲ ဆွဲယူပြီး ထောင်မတ်ထားရတယ်
အလောင်းတစ်လောင်းစီ တန်းစီစနစ်
ငါလည်း နေရာဝင်ယူလိုက်တယ်
လက်နက်မရှိတော့လို့ ညာဘက်လက်မောင်းကိုပဲ
သေနတ်တစ်လက်လို ဆန့်တန်းထားလိုက်တယ်
ဘေးကရဲဘော်လေးဟာ ပုပ်စပြုနေပြီ
သူ့လက်ထဲက သောက်လက်စဆေးလိပ်ကို
ယူဖွာလိုက်တယ် ရှိုက်လိုက်တယ် ဖင်စီခံအထိ
အရုဏ်ဦးမှာ ရန်သူတွေတက်လာတာ
ငါတို့ပစ်ချလို့ မကုန်ဘူး
ရန်သူတစ်ယောက်ဆို ငါနဲ့ တော်တော်တူတာပဲ
ညာဘက်နားထင်က ကျည်ပေါက်အထိ တထေရာတည်း
ငါ လက်ဦးအောင် ပစ်ချလိုက်တယ်
အနည်းဆုံး ၆ခါလောက် သေပြီးတဲ့ဆရာကြီးက
ထယောင်တယ် ‘ရဲဘော်တို့၊ ဒီနေ့ဟာ …’
စကားမဆုံးခင် ရွှံ့ရုပ်လို မိုးထဲပျော်ကျသွားတော့တယ်
မိုးလည်း တင်းကြမ်းရွာနေတာ အဲဒီဘက်မှာ ဘယ်လိုလဲ
တန်ဖိုးရှိတဲ့ရွှံ့၊ လုံးပြီး လူပြန်လုပ်လို့ရတယ်
ရွှံ့တစ်ဆုပ်ကို ငါမျိုချလိုက်တယ်
အချက်ပြမီးတွေဟာ ညကောင်းကင်မှာလင်းပြီး
ဖြာကျသွားတယ် (အဲဒီတုန်းက
ပြည့်ဖြိုးတဲ့ မင်းရဲ့ရင်သားတွေအတိုင်းပဲ)
ငါမရှိတော့ရင် မင်းနောက်မီးလင်းမှာ မဟုတ်တော့ဘူး
လျှပ်စီးဝင်းလက်ပြိုးပြက်သွားတဲ့အခိုက်မှာ
ဘေးမှာ ငါ့အလောင်းကို လာသယ်နေပါပေါ့လား
ငါ့ကိုငါ ပြုံးပြလိုက်တယ်
ဇယလ
၃ ဂျူလိုင် ‘၁၈