သံသရာမြင်ကွင်းထဲ ရေဆင်းသောက်ပြီး
ပြန်တက်မလာတဲ့ အနန္တကြယ်ရယ်
ပန်းကန်ပြားထဲ ငရုတ်သီးစိမ်းစိမ်းလေးတွေ
ခရမ်းချဉ်သီးပါးပါးလေးတွေနဲ့ ရခိုင်လက်ရာ
မရွတ်သုပ်ရယ် ဖြစ်ပြီးခဲ့သမျှနဲ့ လာလတံ့သော
နှာခေါင်းထဲ ဝင်ကပ်တဲ့ ကံတရားရယ်
တကယ်တော့ အရေးကြီးတာဟာ တည်ဆောက်ပုံတွေပဲ
လိင်နံ့နဲ့ချွေးနံ့ သမနေတဲ့ မင်းရဲ့ချိုင်းကို
ကိုယ်(ပြန်)တည်ဆောက်ကြည့်နေ(မိ)ပါရဲ့လေ
မရွတ်ရယ် ခရမ်းချဉ်သီးရယ် ကံတရားရယ်
သံသရာရယ် ကြယ်ရယ် မင်းလည်းစိတ်မရှည်
ကိုယ်လည်းစိတ်ရှုပ်ရတဲ့ မင်းရဲ့ ဖြုတ်ရခက်တဲ့
လက်ချုပ်ကြယ်သီးကွင်းနဲ့ လက်ချုပ်ကြယ်သီးတွေရယ်
(မင်းအပြုံးက ပြောနေတယ်
ရအောင်ချွတ်လေကွယ်)
တည်ဆောက်ချက် တက်ခ်စ်တွေရယ်
ကော့နေတဲ့ ရင်သီးနီညိုလေးတွေရယ်
ကိလေသာ လက်တစ်ဘက် မြှောက်ထားတဲ့
လိင်မော်ခြံနဲ့ ချွေးစိုက်ခင်းထဲ အပြင်းစွဲလာတဲ့ရနံ့ရယ်
မြင်ဘူးတယ်မဟုတ်လာ ဂြိုလ်သားတွေဆောက်ခဲ့တဲ့
အီဂျစ်က ပိရမစ်တွေ ပါရီက အိုက်ဖလ်မျှော်စင်
ပင်လယ်နက်ထဲက တက်လာတဲ့ ခန္ဓာအသွေးအသား
အဲဒါတွေလို တည်ဆောက်ချက်အလူးလူးနဲ့ ငါ့လျှာ
အရေးကြီးပါတယ် တကယ်တော့ တည်ဆောက်ပုံဟာ
အရာရာရဲ့ ရေးတေးတေးနဲ့ အရာပဲ
ဒူးညွတ်ပြီး ကိုယ့်ထံလျှံကျလာတဲ့ ခန္ဓာရယ်
ဟနေတဲ့မင့်နှုတ်ခမ်းသားတို့ ဖွဲ့နေတဲ့ ဆန္ဒရယ်
မင်းပေါင်ကြားထဲ ကမ္ဘာဦးမိုးခြိမ်းတဲ့ နှဲသံရယ်
‘တည်ဆောက်ချက်တွေ အလိုမရှိ’လို့
ကြွေးကြော်ကြတဲ့ တည်ဆောက်ပုံတွေရယ်
ခြေသည်းငုပ်တာထက် ရင်သည်းငုပ်ရပုံတွေရယ်
ညထဲ မိုးရွာကျနေပုံထက် ငါ့ထဲ မင်းရွာကျနေပုံရယ်
ထုတ်ထုတ်ထုတ်ထုတ်နဲ့ ဆောက်တည်ရာမရ
စိတ်ကိုတက်ကြိတ်တဲ့ တည်ဆောက်ပုံ ယန္တရားခါးခါးရယ်
အား … ရှဲ … မရွတ်ထဲ ထည့်သုပ်တဲ့
ကံတရားရဲ့ အရွတ်
စိတ်အစပ်မှာ ကောက်ကာငင်ကာ ထစပ်ပုံရယ် …
ဇယလ
၂၇ ဇွန် ‘၁၈