ဘဝကို တကယ့်အစစ်အမှန်ထင်ပြီး
နေနေတာ မဆန်းဘူးလား
မီးပိင့်မှာ မီးနီဟာ အရည်ပျော်ပြီး
လမ်းပေါ်အထိ စီးကျတယ်
ကိုယ့်အရပ်သာသာပဲရှိတဲ့ သစ်ပင်ထိပ်မှာ
လာငြိနေတဲ့ ပန်းရောင်သဲ့သဲ့တိမ်
ကိုယ်ဘာမှမလုပ်ပဲ ကြည့်ပဲကြည့်လိုက်တယ်
ဘာမှမလုပ်ပဲကြည့်တာဟာ ကိတ်တဲ့နေထိုင်မှု
မဟုတ်လား မိုးတိမ်ဟာ ခွေးကျင့်ခွေးကြံ
ကိုယ့်မျက်နှာကို သေးပန်းပြီး လွင့်ပြယ်သွားတယ်
ကွဲပြားခြားနားတဲ့ အခြားအဓိပ္ပါယ်စက်ကွင်းဆီ
ကူးသွားလိုက် အစစ်အမှန်တွေ အသွင်ပြောင်းနေကြတာ
တသွင်သွင်ပဲ အရည်နီတွေဟာ
မီးနီခွက်ထဲပြန်စီးဝင်သွားပြီး နီရဲသွားတယ်
နွားသိုးဂြိုလ်မှာ နွားသိုးကြိုးဖြတ်ပွဲအတွက်
အစိမ့်ဆုံး အမွှေးဆုံး နွားမပျိုလေးတွေကို
နံ့သာအမွှေးအကြိုင်တွေ ပက်ဖြန်း ယောနိတွေ ဟပြီးပြီ
ဒါမှမဟုတ် ညောင်ဦးတံတားပြိုတာ
စမ္ပာနဂိုလ်ဘက်က သွားထိုင်ကြည့်မလား
ပေါင်ကျိုးတော့လည်း အမဲသားပေါ့
လည်ပြတ်မသွားခင် တဗြဲဗြဲနဲ့ အော်နေခဲ့တာ
ပန်းထွက်သွေးထဲ လူအုပ်နဲ့ဝင်ဖမ်းဆိုလား
ငြိမ်းချမ်းဆိုလား အမှောင်ထဲခြေဖမိုးပေါ်
ပျော့စိစိနဲ့ အေးစက်စက် ဖြတ်သွားတာ …
ဇယလ
၁၅ မေ ‘၁၈