ဘယ်ကဗျာပုဒ်မဆို (ပြည်တွင်း၊ ပြည်ပ၊ဝါဒ၊ ကျောင်းတော်၊ ဂိုဏ်း၊ အုပ်စု၊ အမျိုးအစား၊ တစ်ကိုယ်တော်) ဟာ ကိန်းသေနဲ့ ကိန်းရှင်တို့ရဲ့ ကကွက်/ နပမ်းကွက်တွေ ဖြစ်တယ်။
ကိန်းသေထဲမှာ မိမိသိမ်းဆည်းတည်ဆောက်ထားတဲ့ သညာသယံဇာတတွေ၊ သိမှုအစုအဝေးတွေ၊ တွေ့ကြုံခံစားမှုပေါ် ခံယူတုန့်ပြန်မှု အကျင့်စရိုက်တွေ ပါဝင်ဖွဲ့စည်းထားကြတဲ့ ယဉ်ကျေးမှု တည်ဆောက်ချက်နဲ့ တသီးပုဂ္ဂလ စစ်ထုတ်ယူမှုတို့ ပါရှိကြပါတယ်။ ဥပမာ၊’ကဗျာဆိုတာဘာ…’၊’အမျိုးသားရေး’၊’သပ္ပုရိသသူတော်စင်’၊’ဘာသာစကား’ ၊စသည်၊ စသည်တို့။
ကိန်းရှင်ကတော့ တီထွင်ဖန်တီးနိုင်စွမ်းရဲ့မူလဘူတဖြစ်တဲ့ စိတ်ကူးကွန့်မြူးဖြန့်ကျက်မှု အပါအဝင် စိတ်/နာမ်ရဲ့ (အစိုးမရတဲ့) လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ဒီကိန်းရှင်ဟာ လူတွေမှာ စိတ်ရှိသမျှ ကိန်းသေထဲက အစိတ်အပိုင်းတွေကို ရှိရင်းစွဲအတိုင်း လက်ခံကျင့်သုံး(အတည်ယူ)သလို ပြုပြင်ပြောင်းလဲ ဆန့်ထုတ်ချဲ့ထွင် သုံးစွဲတာလည်း ရှိပါတယ်။
ဒီကိန်းရှင်နဲ့ ကိန်းသေတို့ရဲ့ စုံတွဲအက (သို့မဟုတ်) နပမ်းလုံးပွဲရဲ့ အကွက်တွေဟာ ကဗျာပုဒ်ဖွဲ့စည်းမှုရဲ့ ပန္နက်၊ လမ်းကြောင်း၊ လားရာ၊ ဦးတည်ချက်တွေ ဖြစ်ပါတယ်။
ကိန်းရှင်ရဲ့ အင်အား နဲ့ ကိန်းသေရဲ့ အင်အားတို့ရဲ့ အားစမ်းမှု/အားပြိုင်မှုလည်း ဖြစ်ပါတယ်။ ဒီအားပြိုင်မှုဟာ တစ်ဘက်နဲ့တစ်ဘက် တင်းအားတစ်ခုအဖြစ် တည်ရှိနေတဲ့ အနေအထားဟာ စိတ်ဝင်စားရာ အကောင်းဆုံးဖြစ်ပါတယ်။
ကိန်းသေဘက်အားသာရင် ကဗျာ့ပရိယာယ်နဲ့ အရည်အသွေးပေါင်ချိန် ကျသလို ကိန်းရှင်ဘက်အားသာရင်လည်း ကဗျာအဖြစ် ခံယူမှုဟာ ဖရိုဖရဲ ဖြစ်သွားနိုင်ပါတယ်။
အဲဒီအားပြိုင်မှုနဲ့ တင်းအားတည်ဆောက်မှုကို ဆင်ခြင်ယုတ္တိနဲ့ ပုံသေနည်းနဲ့ အလေ့ကျ တွေ့ကြုံခံစားမှုနဲ့ လုပ်ယူလို့မရတာကို ကဗျာအနုပညာလုပ်ရပ်ပေါ် ရိုသေလေးစားမှုနဲ့ လုပ်နေကြသူတွေ တရင်းတနှီး သိပါတယ်။
ဆင်ခြင်ယုတ္တိ (ကိန်းသေများရဲ့ တည်နေရာနဲ့ မှီခိုအားပြုရာ)ကို လုံးလုံးလျားလျား ပစ်ပယ်လို့ မရသလို ဦးဆောင်တဲ့နေရာမှာလည်း မထားမိဖို့ လိုပါတယ်။ ကိန်းရှင်ရဲ့ ခေါ်ဆောင်ရာနောက် မသိတသိနဲ့ လိုက်သွားဖို့ပါပဲ။
စိတ်ကူးကွန့်မြူးမှု (ဝါ) သိစိတ်နဲ့ ထိန်းချုပ်မရတဲ့ စိတ်ဖြစ်စဉ် ရပ်တန့်/ ကုန်ဆုံး/ ပြီးဆုံးသွားတဲ့အခါ မိမိကိုယ်/ စိတ်ထဲက တစ်ခုခု ထွက်သွားတာကို သိကိုသိရပါတယ်။ တစ်ခုခုမြိုးမြိုးမြက်မြက် ဖိစီးနေရင်းကနေ ရုတ်တရက် ဟာသွားတာမျိုး ပိုးစိုးပက်စက် ခံစားရတာဖြစ်ပါတယ်။
ကဗျာပြုလုပ်မှုဖြစ်စဉ်နဲ့ ကဗျာပုဒ်ဟာ အဲဒီမှာ မဆုံးရင် ထပ်မံမွမ်းမံပြုပြင်မှုပဲ ဆက်လုပ်ချင်ချင် မလုပ်ချင်ချင် ရလဒ်ရဲ့ အကောင်အထည်ဟာ အဲဒီမှာ အရှင်လတ်လတ်ကြီးပါပဲ။ တဆတ်ဆတ်ပါပဲ။ ထပျံသွားတဲ့ငှက်ကြောင့် သစ်ကိုင်းတုန်ခါကျန်ခဲ့မှုရဲ့ သပါပဲ။
မိမိရဲ့ ကဗျာရေးမှုဖြစ်စဉ်ကို သုံးသပ်မိတာ ဖြစ်ပါတယ်။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။
ဇယလ
၁၁ မေ ‘၁၈