ကိုယ့်ကမ္ဘာဟာ အကျယ်ကြီးပဲ
အဲဒါကို နတ်မြင်းပျံတွေ ထောက်ခံတယ်
အပြင်မှာ အမှိုက်ပုံကြီး မီးလောင်နေတာ ရာသီဥတုဟာ
ပုလင်းထဲ ပိတ်မိနေတယ် ငါမင်းကို သတိရနေတာ
စကားလုံးမဲ့ကဗျာအတိုင်းသား ဖြစ်နေတယ်
၁၁၄နှစ်စစ်ဘေးဒုက္ခသည် အဖွားအိုလည်း ပေါ်လာတယ်
မီးလောင်နေတဲ့ထိုင်ခုံက ငါမထပဲ အချစ်ကဗျာ
တစ်ပုဒ်ပြီးတစ်ပုဒ် မီးစာကျွေးလိုက်တယ်
ပြီးခဲ့တဲ့သင်္ကြန်တစ်ရက်က မင်းကို ခွေးစားသွားခဲ့တယ်
အို… လိပိုင်… အို… လောဝ်ဇူး… အို… တူဖူး…
ဘယ်နှစ်လမလျှော်ရသေးတဲ့ ဝတ်ရုံနံဟောင်ထဲ
လက်ထိုးထိုးပြီး ပုလွေဆီက ဂီတကို လှုပ်ခါတာ
ပုလွေသံဟာ လ,ရောင်ကို တစ်လွှာစီ ချွတ်လိုက်တာ
အဲသလောက်ကို လှပနေလား စစ်ကမ္ဘာကြီးရေ့
အမေရိကန်အင်းဒီးယန်းတို့ရဲ့ မြင်းတွေဟာ
ပုကြလို့ ဒိ(ပ်)အစ်မေ့ဂ်ျကဗျာ ပေါ်လာသတဲ့လား
လော်ရ်ကာရဲ့ အစိမ်းရောင်ဓား ရင်မှာတန်းလန်းနဲ့
ညနေ၅နာရီခွဲမှာ ကျွဲရိုင်းဟာ သေမင်းလိုထလာတယ်
မှန်ထဲမှာ ကိုယ်နှာမှုတ်လိုက်တယ်
ဆိုပါတော့
အာဏာရှင်တစ်ယောက်နဲ့ ရွေးကောက်ခံသမ္မတတို့
လက်တွဲချိတ်ပြီး လစ်ဘရလ်ဒီမိုကရေစီဟာ အဆုံးတော့
အာဏာရှင်နဲ့ လက်တွဲချိတ်ရတယ်လို့ ဖြစ်လာတယ်
မင်းရဲ့ အညိုရောင်ရင်သီးတောင့်တောင့်လေးဆီ
ကိုယ့်ခေါင်းကို ဆွဲပွေ့လိုက်တယ်
သင်္ဃန်းခြုံစစ်သည်များ မြို့သိမ်းရာဂကျူးပွဲများ
လေငြိမ်ထဲ မြင်းရုပ်ဟာ လှုပ်ခါလို့နေတယ်
ရိုဟင်ဂျာအကြောင်း ရခိုင်ကဗျာဆရာတွေ ရေးကြတာ
မြင်းရုပ်ထဲ လေဟာ လှုပ်ခါလို့နေတယ်
မင်းရုပ်ထဲ ငါဟာ လှုပ်ခါနေခဲ့ဘူးသလိုပေါ့
ဘိန်းရွက်ကို အမှုန့်ကြိတ်လျက်ရတာ
မင်းဆီပဲ မီးလျှံတွေထဲ ငါကိုက်ခဲနေတယ်ပေါ့
ဇာတ်လမ်းထဲ ပြန်ဝင်လိုက်ရမလားလို့
ငါကငါ့ကို မေးတာကို ငါ့ကိုငါက ပြန်ငေါ့တယ်
ဇာတ်လမ်းတွေ ရှိသေးလို့လားတဲ့
ဂျက်(က်)ဒယ်နီယလ်ရဲ့ တက်နစီးဝှစ္စကီထဲမှာတော့
ကိုလာနဲ့အချစ်တွေ ရှိတုန်းပဲ
ခြင်နှစ်ကောင်သုံးကောင် လာကိုက်တယ်
မင်းရဲ့အနမ်းတွေကတော့ ငါ့ပေါ်ရှေးဦး
ကျောက်ခေတ်လူသားတွေရဲ့ သွေးအလူးလူးပဲ
ဆိုက္ကီဆိုတာ မင်းခြေချောင်းလေးတွေကြားထဲ ထင်းလို့
မင်းစိတ်ဝိညာဉ်ရဲ့ ဘရာကို ငါနာမ်နဲ့ချွတ်ခဲ့ပေါ့
အချစ်ကဗျာတစ်ပုဒ် ငါရလိုက်ပြီ
ငါ့လည်ဆံမွေးတွေဟာ ထောင်နေတာပဲ
လရောင်ထဲ ငါ့အရေပြားဟာ ပိုးသားပကတိ အရှိအတိုင်း
မင်းရဲ့ အင်္ကျီကြယ်သီးတစ်လုံးကို
ငါကိုက်ပြီး မြိုချခဲ့ဘူးတယ်။ ။
ဇယလ
၂၇ ဧပြီ ‘၁၈