ဒါဆိုလည်း လင်းနို့တွေပဲ
ပြန်ဖြစ်လိုက်ကြပါစို့ရဲ့လေ အသုံးမဝင်တဲ့
အလင်းထဲမှာ ကိုယ့်မျက်နှာတောင် မမြင်နိုင်မှတော့
ကိုယ့်ကိုကိုယ်လည်း မမွေးဖွားနိုင်မှတော့
ဒုတ်ကောက် မျက်မမြင်
အဖိုးအိုတစ်ယောက် ခုံတန်းအောက်မြက်ပင်တွေ
တဒေါက်ဒေါက်ထုရင်း တမျှင်းမျှင်းပြောနေတာ
ဘေးမှာ ကလေးတွေ အော်ဟစ်ပြေးလွှားကစား
ငှက်ကြီးတွေ လက်ဝါးကြီးအုပ်ထားတဲ့
အသက်ရှင်မှုမျိုးကိုရှောင် ကိုယ်လုံးကြီးပြီး
ဦးနှောက်သေးတဲ့ ဒိုင်နိုဆောတွေ အိပ်ချိန်မှာ
ညကောင်းကင်ကို အုံနဲ့ကျင်းနဲ့ သိမ်းပိုက်ကြတာပေါ့
အမှောင်ရဲ့ သွေးစကားဟာ ဈေးမကစားဘူး
အသေးအမွှား မဟုတ်ဘူး ကွက်တိ
ဥယျာဉ်ထဲက သစ်ပင်ကြီးတွေရဲ့
သစ်ရွက်ပင်လယ်အုံကြီးတွေ လေထဲ တရှဲရှဲ..
ပင်လယ်နက်ပိုင်းထဲ မသိရှိရသေးတဲ့ သတ္တဝါတွေ
ဆွေမျိုးနီးစပ် ဝေလငါးကြီးတွေ
မျက်မြင်ဟာ ကိုယ်တွေ့နဲ့ လွဲချော်နေတတ်မှန်း
ဥာဏ်ပညာနဲ့ သိကြသူတွေ
အလင်းထဲက အမှန်တရားဆိုတာတွေနဲ့
ငါတို့ကန်းကြရမှတော့
အမှောင်ထဲ ခုန်ပေါက်နေကြတဲ့ အလင်း
ငါတို့ကိုယ်တွင်းက ထုတ်လုပ်ကြတာပေါ့
သမုဒ္ဒရာအောက်က ရေငုပ်သဘော်ရဲ့
တိတ်ဆိတ်တဲ့ ဆူညံသံကို ရှေးဟောင်းသွေးတွေ ကြားနေရ
သွားနေတဲ့ လမ်းကြောင်းကိုလည်း
ရှေးဟောင်းအသိနဲ့ သိနေကြ
ပေါက်ကွဲတော့မယ့် အလင်းကြမ်းကြမ်းကြီး
ကြည့်စရာမလိုပဲ မြင်နိုင်စွမ်းတဲ့
ပြောစရာမလိုပဲ သိနိုင်စွမ်းတဲ့
နာမ်တံတွေ ဖွံ့ဖြိုးလာဖို့ပဲ
အမှောင်ထဲက အရောင်စုံတွေထဲ
ငါတို့အာရုံတွေ ဖူးပွင့်ကြ
မြေပုံတွေ တည်ဆောက်ကြ
ဥပမာ၊ အစိမ်းရဲ့ အနှစ်စိမ်းစိမ်းအဖြစ်
ပီပီပြင်ပြင် စိမ်းကြ
ကလေးတစ်ယောက် ပြေးလာတယ်
ဘောလုံးကောက်ပြီး ပြန်ပြေးသွားတယ်
အဖိုးကြီးထသွားတာကို
ထိုင်ကျန်ရစ်ခဲ့တဲ့ သူ့အရိပ်ဟာ
သူ့ကို စိုက်လိုက်မတ်တတ် ကြည့်နေတယ်
သမုဒ္ဒရာရဲ့ အမှောင်ထဲ စိမ်းစိမ်းစိုစိုအသံတွေ။ ။
ဇယလ
၂၂ ဧပြီ ‘၁၈