နာရီပေါ်က ဖြစ်နိုင်ခြေအနှစ်သာရတို့ရဲ့
လက်ရွေးစင်ရင်သီးတွေ
နှင်းခဲအရည်ပျော်စိမ့်ဝင်မှုမှာ တောင့်တင်းကိုက်ခဲနေတဲ့
တော်လှန်ရေးကာလဦးစိတ်ရဲ့ လေသာဆောင်တစ်ခု
အဲဒီမှာ မင်းရင်ပလာကို လေထဲဖွင့်ချလို့
လေထဲကနေ မင်းရဲ့ရင်နံ့သင်းပျံ့တွေ ကိုယ့်ဆီပို့လွှတ်လို့
အလုပ်သမားတွေရဲ့ ချီတက်ဆန္ဒြပပွဲကြေးမုံပြင်ထဲ
ဒုံးကျည်တွေလို တောင်မတ်နေတဲ့ စစ်တန်ဆာတွေငေါငေါ
ကိုယ့်စကားသံကို ရန်သူအလာမှာ တိကနဲဖြတ်ပစ်
စကားမဲ့နိမိတ်ပုံတွေ သားကြောပြတ်မှာ အစိမ်းလိုက်
ကိုယ့်မှာ ဝိညာဉ်ကုန်ခမ်းနေပြီ ချစ်သောမာရီယာ
နာမ်နဲ့အလားဂျစ်ဖြစ်တဲ့ မာ့ခ်ဆစ္စနျူရိုးဆစ္စနာစစ္စပ်စ်
တော်လှန်ရေးကောင်စီ တစ်သံထွက်နှုတ်သီး
အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံတော်ဝင်္ကဘာထဲ
တက်ညီလက်ညီ လမ်းပျောက်ကြဖို့ အရိပ်မည်းကြီး
အိုး… ဟိုဇေး…၊ အေး… လီဇားမား၊ လီမား (ပါရာဒိဆို)
လ, ဟာ ရေတွေလို လှုပ်ခတ်သွားတယ်
ဆန္ဒပြခေါင်းဆောင်တွေရဲ့ မြေကြီးထဲ စိမ့်ဝင်သွားကြတဲ့
ကျူးဘားကျီးမည်းတွေရဲ့ မြေအောက်အော်သံထဲ
ကိုယ်ဟာ ကျောက်စရစ်လေးရဲ့ အာမေဋိတ်
ရင်ဖွင့်လိုက်တဲ့ကောင်းကင်မှာ ပြာမှိုင်းတံတိုင်းပေါ်က
နွယ်ပန်းဝါလေး
နတ်ပန်းအမွှာရဲ့ တိတ်ဆိတ်မှုဝတ်ရုံခြုံပဟေဠိ
အိုး… ဟိုဇေး…၊ အေး… လီဇားမား၊ လီမား (ပါရာဒိဆို)
အေး… ဗီဗာလာ ကျူးဘား ….. အား… ချစ်သောမာရီယာ
တော်လှန်ရေးကြီးရဲ့ သွေးမြေကျ
ပင်လယ်ကမ်းခြေတွေ အပန်းဖြေစရာရေအနန္တ
တံတားဟာ လက်တံကြီးတစ်ခုလို ကြံခင်းထဲကနေ
အစိမ်းတွေ မှောင်မိုက်တဲ့တောင်တန်းရဲ့ ရင်ခွင်ဆီ
မြို့ဆီအရိပ်လမ်းတစ်လမ်းသိမ်းပိုက်ဖို့ခင်းချ
ကိုယ့်မှာအသက်အောင့်လို့ ရင်ကိုဖိလို့ မှတ်ဥာဏ်ကို
ပြန်အံ့ဩအောင်ပြုလို့
မင်းရဲ့ ရင်နှစ်မွှာလေသာဆောင်မှာ နွားရိုင်းသတ်ပွဲရဲ့
‘အို လေး’ အော်သံဟိန်းကြီး၊ လော်ရကာရဲ့ ညနေ၅နာရီဟာ
အစိမ်းလိုက်ကြီး အစိမ်းသေ၊ အမတက ပြန်လာတဲ့
နာမ်သမားဆန်တီယားဂိုးနဲ့
နာမ်ကူးစက်၊ နာမ်ကူဆက်ဖို့
ကိုယ့်ရဲ့နံမှာ လှံတွေနဲ့ အို… မာရီယာ
အိုး… ဟိုဇေး…၊ အေး… လီဇားမား၊ လီမား (ပါရာဒိဆို)
အို….. ဆွံ့အရင်ထဲက မှောင်မိုက်ကျူးဘား
ဇယလ
ကြာသာပတေး ၁၂ ဧပြီ ‘၁၈