ကဗျာရေးခြင်းအမှုကို အလေးအနက်ပြုသူမှာ ဖြတ်သန်းမှုအဆင့် ၃ဆင့်ရှိမယ်လို့ ထင်ပါတယ်။
အကြောင်းတစ်ခုခုကြောင့် သော်လည်းကောင်း၊ လိုရာအကျိုးတစ်ခုခုကြောင့် သော်လည်းကောင်း၊ မိမိကြိုက်နှစ်သက်ရာ၊ မိမိစွဲလန်းရာ ကဗျာပုဒ်တွေကိုကြည့်ပြီး လိုက်တုပရေးတဲ့အဆင့်။ကဗျာရေးဖို့ပဲသိပြီး ကဗျာဆိုတာကို ရိပ်ဖမ်းသံဖမ်းရဲ့အရိပ်လောက်ပဲ သိတဲ့အဆင့်။
ဒုတိယအဆင့်က ကဗျာကို နဂိုထက် ပိုပိုသာသာလေး အာသာငမ်းငမ်း ရှိလာပြီ။ ဒီအတိုင်း ကြည့်နေရတာ လှတာလောက်နဲ့ မပြေတော့ပဲ ချွတ်ကြည့်ချင်လာပြီ။ သဒ္ဒလင်္ကာရ၊ အတ္ထလင်္ကာရတွေ၊ ကာရန်၊ အလင်္ကာ၊ နိမိတ်ပုံ၊ သင်္ကေတတွေ၊ ကဗျာဆိုင်ရာဆောင်းပါးတွေ ဖတ်တတ်မှတ်တတ်လာပြီး ဘာသာစကား ဆိုတာနဲ့ တိုးတော့တာပဲ။ ဘာသာစကားနဲ့ လုပ်ထားတဲ့ပစ္စည်းပါလားလို့ တွေ့မြင်ရတော့တယ်။ ဒါပေမယ့်၊ အရေးကြီးတာ မကြီးတာကို ခွဲမြင်တတ်လာရတယ်။ အဲဒီမှာ ကဗျာအနုပညာဆိုင်ရာ ဘာသာစကားနယ်ပယ်ထက် ကဗျာကို အသုံးချရာ နိုင်ငံရေးအယူဝါဒနယ်ပယ်ထဲ ရောက်ကောင်းရောက်နေပြီး ‘ပြည်သူ့ဘဝ’တို့ ‘သမိုင်းတာဝန်ကျေ’တို့ စတဲ့စကားလုံးကြီးတွေရဲ့ ပယောဂအောက်မှာ ပျော်ပိုက်ဂုဏ်ယူ ဆုရကျော်ကြား ငါသည် ကဗျာဆရာပါတကားတွေ ဧကန်ဖြစ်တော်မူလေ၏ပေါ့။ တစ်ဘက်မှာလည်း လူနားလည်မယ့် နိမိတ်ပုံတွေ ရှာရသေး၊ အခြားတစ်ဘက်မှာလည်း အစိုးရမသိအောင် လှည့်ဆဲရသေး။တကယ်လည်း တာဝန်ကျေပါတယ်။ နိုင်ငံရေးတာဝန်ပေါ့။ အနုပညာတာဝန်ပါ ကျေဖို့ဆိုတာကတော့ ဘယ်လိုပြောရမလဲပေါ့နော်။ ကိုယ့်မိုးတိမ်မှာ ဘောင်းဘီမှ မရှိသေးတာပဲ ဆိုသလိုပေါ့။ အနုပညာမဲ့ရင်မဲ့ အဘိဓမ္မာမမဲ့စေနဲ့ ဆိုတာမျိုး။ တစ်ဘက်မှာ ‘မော်ဒန်’ ကိုသိမြင်တွေ့ကြုံခံစားပြီး တစ်ဘက်မှာ ‘ပြည်သူ့ဘက်က ရပ်တည်ပြီး’ ‘မော်ဒန်’ကို တိုက်ခိုက်ကြတာ။ ဒါဟာ ဒုတိယဆင့်ထဲ ဝင်လာပြီ။ မြီးကောင်ပေါက်အရွယ် မဟုတ်တော့ဘူး။ ကဗျာနဲ့ဘဝ ထပ်တူပြုလာပြီ။
တတိယအဆင့်မှာ ကဗျာကို မြင်လာပြီ။ ရေးသက်ရော တွေးသက်ပါ ဥာဏ်ပါရမီရှိသလောက် ရလာပြီ။ စာပေတန်းဝင်တဲ့ အရေးအသားကနေ ကဗျာရဲ့ အနုပညာကို သဲ့သဲ့မြင်စွမ်း ပြုလာပြီ။ ကဗျာကို စာပေရှုထောင့်ကလွန်ပြီး ကဗျာရှုထောင့်က မြင်လာပြီ။ အနုပညာရှုထောင့်က မြင်လာပြီ။ ဖန်တီးမှုရှုထောင့်က မြင်လာပြီ။
ဒီအဆင့်ရောက်သွားရင် သေချာသွားပါပြီလို့ ဆိုရမလောက်ပါပဲ။
အဲသလိုပဲလို့ ထင်တာပဲ။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။
ဇယလ
အင်္ဂါ ၂၀ မတ် ၁၈