လျှပ်တပြက်မှာပေါ့ သူ့ရင်ထဲမြပ်ထားတဲ့
သေတ္တာသေးသေးလေးဟာ
အသံထမြည်တယ်
ဂလောက်ဂလောက်ဂလောက်နဲ့ ခြောက်ကပ်နေတဲ့
ဟာသခါး ခြောက်ကပ်ပြီး စိမ်းလန်းနေသေးတာ
အစိမ်းချုပ်ကြီးနဲ့ သူ့ကိုယ်သူ ပြန်သူစိမ်းဆန်နေတာ
သူ့ကို ထည့်ပိတ်ထားတာ
သလားခဲ့တဲ့လမ်းတွေရဲ့ ဇာတ်လမ်းတွေထဲမှာ
သူရွေးတဲ့လမ်းတွေဟာ ဇာတ်ဝင်ခန်းအမှားတွေ
ဖုံးလိုက် ဖိလိုက် ဖုံးဖိလိုက် ဖုံးအုပ်လိုက် အို
အဲဒီဘက်က ဘာဖုန်းခေါ်သံမှ မကြားချင်ဘူးလို့ဆို
အသံချင်းတောင် ဆွေခန်းမျိုးခန်းဖြတ်ထားတဲ့
အဲဒီခြိမ်းသံချမ့်ချိမ့်မှာ
ခမျာ ပိုးစိုးပက်စက် လိမ့်ရတော့တာပဲ
အလိမ့်ဆိုးနဲ့ ဆိုပါတော့
ကြည့်စမ်း သူ့ရဲ့ငှက်သေခြေထောက်ကွေးလေးလို
ပျော်ရွှင်မှုလိုလို ကွေးသေးလှီလေး
ကြည့်စမ်း သူ့ရဲ့ကိုယ်တစ်ပိုင်းသေကို ဝှက်ထားတဲ့
ကုတ်အင်္ကျီမည်းကြီးထဲမှာစားသောက်နေသံတွေ
ကြည့်စမ်း သူ့ရဲ့တိမ်းမှောက်ခဲ့တဲ့ ဆန္ဒကုန်စည်တွေ
သူ့မျက်နှာကျကွဲလို တွန့်လိမ်နေကြတဲ့ အကွဲစတွေ
အဲဒါမဟုတ်ရင် သူဟာဘာဖြစ်လို့
ပြုံးလိုက်တိုင်း မျက်ရည်ဝဲတာ လက်စလက်နတစ်ခုလား
အမှတ်တမဲ့ပါပဲ အမှတ်တစ်မှတ်ပေါ့
နှုတ်ခမ်းကို လျှာနဲ့ သေသေသပ်သပ် သပ်လိုက်သလို
ပြည်ဖုံးကားလိပ်ပြန်အကျမှာ
ဖုံနည်းနည်းထသွားတယ်
သူထပျံဖို့ ကိုးစားတာဟာ အသောဇာတ်ထဲ
ကြေကွဲဇာတ်ရဲ့ တောရောင်တွေ တစွက်စွက်
တောကောင်တွေ တနာနာ
ကြည့်စမ်း သူ့ရွှံ့အိုးကို သူစဥ့်သုတ်နေတာ
နေ့များထက်တောင် ပါးလျလာခဲ့
ဝါးတားတားဇာတ်ထဲမှာ သူမှားပါလာတိုင်း
ပရိတ်သတ်က တဝါးဝါးပွဲကျ
သူကခဲ့ရတာပဲ သူကနေရဆဲပဲ
သူ့အရပ်မဟုတ်တဲ့ သူ့ဇာတ်ဟာ
လူစုံပြီဆို သူ့ကိုဟာရာကီရိပြုလိုက်တာကိုလည်း
ပွဲကျ
ပရိတ်သတ်ထဲက သူ့ကိုလက်ပိုက်ကြည့်နေတဲ့
သူ့ကိုယ်သူ ပြန်စိမ်းကားခြင်းဟာ
လူသံလျှပ်ရုံနဲ့
ငှက်တွေအုပ်လိုက်ကြီး ထပျံသွားကြတယ်
တစ်နေရာမှာ ငွေ့ရည်ဖွဲ့နေတဲ့ သူ့စိတ်ဟာ
သေတ္တာလေးထဲမှာ အစိုဓာတ်သွေ့
အချိန်မတော် ဖုန်းမြည်မှာကို အသုံးတော်ခံဆဲ
သေမလောက်အောင် ကြောက်တာချင်း
သတင်းလွေ့လွေ့။ ။
ဇယလ
စနေ၊ ၁၀ မတ် ‘၁၈