နောက်ဆုံးအကြိမ်တုန်းက ကိုယ့်မှာ
ပြဒါးမျက်ရှင်တစ်လုံးရယ်၊ ကြွက်မြီးပြတ်
တစ်ချောင်းရယ်၊ လူဟာဘာသာစကားထဲ
နေထိုင်တယ်ရယ် ရှိဘူးတယ်။ ဟပြီးပြန်
မပိတ်တော့တဲ့ ပါးစပ်ဟာ
ကိုယ့်စည်းထားတဲ့ ဆံပင်ပေါ့။ နောက်ဆုံးအကြိမ်
တုန်းက ကိုယ်ဟာ ဘာသာစကားထဲက
ကွက်လပ်တွေ ဖြစ်နေခဲ့တယ်။ ဖွဲ့စဉ်ထုံးဟာ
ရှေးရိုးနည်းနဲ့ ရှေ့တိုးအနိုင်ပိုင်းခဲ့ကြတယ်။
အခုတော့ နံရံတွေဟာ နိမ့်ဆင်းလာသလို
ဖုန်တွေဟာ မြင့်တက်လာခဲ့တယ်။
ဒီညဟာ စင်ရဲ့ခြေထောက်တွေကို စားတဲ့ပိုးပဲ။
ရောက်ဘူးခဲ့ပါပြီလေ အဲဒီတောအုပ်ထဲက
မမြင်ဘူးတဲ့ ဆက်သွယ်မှုတွေ၊ ရေမည်းထဲက
ပွင့်အာလာနေတဲ့ ဂယက်လှုပ်ခတ် ပူစီဖောင်းတွေ။
အဲဒီမှာ မြေလို့ထင်ရတဲ့ လေပေါ် ရေလိုသေဝပ်စွာ
ကိုယ်ဒူးထောက်ချလိုက်တယ်။ မော်ကွန်းထိုး
မလောက်တဲ့ မလွတ်လပ်စိတ်တွေကြား။
ကိုယ်ခန္ဓာမရှိတဲ့ ခေါင်းပြတ်ကြီးဟာ
အရပ်ရှစ်ခွင်မှာ တံတွေးပူတွေ ထွေးသွားတယ်။
ကိုယ်မသိတဲ့မီးဟာ
ကိုယ့်ထဲ ရှဲကနဲ ထတောက်သွားခဲ့တယ်။
ဒီည၊ တအိုးဝေတည်း အိုအိုးဝေနေတဲ့ ဥဩ
အော်မြည်နေတဲ့ည၊ ဘာကြောင့် သန်းကောင်ယံ
နီးခါမှ တွန်နေရသလဲ ဥဩရယ်၊မှာ
ကိုယ့်ခနော်နီတွေ လပေါ်သရေပေါ်ဆင့်ပြီး
ထိပ်ဆုံးပေါ်တက်ရပ်ဖို့၊ ကိုယ်တက်နိုင်သမျှ
ထိပ်ဆုံးပေါ်တက်ရပ်ဖို့၊ အဲဒီဥဩသံဟာ ကိုယ်ဖြစ်လို့
ကိုယ်မြင်နေတဲ့အလင်းတွေဟာ
ကိုယ့်ဆံချည်မျှင်တွေက၊ အလို!၊ ထွက်နေကြတာလား။
အလင်းထဲမှာ အ,မင်္ဂလာတွေ ဝရုန်းသုန်းကား
တရားမဖက်၊ ဓားဝါးမြက်စား၊ ပွဲစည်နေပါပေါ့လား။
ယခင်တုန်းကလည်း ဒီလိုပဲ
ဂူထဲကမထွက်ခင် သွေးခြေနင်းခဲ့ကြလေသလား။
မဖတ်တတ်တဲ့စာတွေကိုပဲ စူးစူးကြည့်လို့၊
မသိသေးတဲ့အရာတွေကိုပဲ ကြွက်မြီးပြတ်နဲ့
ဖိတ်ခေါ်လို့၊ သဏ္ဍာန်တစ်ခုကနေ သဏ္ဍာန်တွေ
ထွက်လာကြပုံထဲ စုန်ဆန်မီးညှိဖို့၊
ကိုယ့်မီးကို မီးဟုတ်မဟုတ် ကိုယ်တိုင်မီးရှို့ဖို့။
ညကြီးမင်းကြီး အစပြုရာမှာ ဥဩ.. ဥဩ…။ ။
ဇယလ
၂၀ ဖေ ‘၁၈