ဘာမဆိုဖြစ်နိုင်တဲ့ အဲဒီကောင်းကင်ကြီးဟာ
အိတ်ကပ်တွေအများကြီးရှိတဲ့ အင်္ကျီကြီးကို
ဝတ်ဆင်ထားတုန်းပဲ
ဆောင်ခဲ့တဲ့၊ ဆောင်ဦးမယ့်၊ မင်္ဂလာတွေဟာ
တိမ်တောက်တုန်း မရုန်းနိုင်တဲ့
အဆုံးမဲ့ဆည်းဈာတွေ
ကိုယ်ခန္ဒာတွေဟာ မြုံထားတဲ့စိတ်တွေထဲ
ပြန်တွေ့ကြရနိုး
မနိုးတဲ့အိပ်မက်တွေထဲ
နိုးပြီး ဆက်အိပ်မြဲအိပ်နေကြရသလား
သဲနာရီတစ်လုံးပေါ့
ပြောင်းပြန်လှန်လိုက်တော့
အလိုပြည့်မှုတွေဟာ အလိုမပြည့်မှုတွေနဲ့
သူ့ထက်ငါဦး စူးစူးဝါးဝါး
လုပြေးဆင်းကြတယ်
မင်းရဲ့နေ့ကို ဖြေးဖြေးသက်သာ သာလိုက်ပါ
မင်းကိုယ့်ကိုချစ်ခဲ့တာ
မင်းကိုပြန်မဖုံးကွယ်ပါစေနဲ့လား
အထည်ရက်သူဟာ မင်းဘဝကို
လုံခြုံစေခဲ့တယ်
ကျေးဇူးပါ
လှပဖို့အတွက် တစ်မျှင်ထည့်ရက်ဖို့ ကျန်ခဲ့တယ်
မင်းဖုံးနံပါတ် ကိုယ်သိသားပဲ
မရှိတော့တဲ့ ပဲ့တင်သံပဲ လျှံနေပါလိမ့်မယ်
ဖွင့်မဟခဲ့တဲ့ မင်းရဲ့စကား
ဖွင့်ထားတဲ့တံခါးကို ကိုယ်ခေါက်နေဆဲပါပဲ
ပြန်တွေ့ကြတာပေါ့ ဖယောင်းတိုင်ဟာ
လေထဲမှာပဲ သတိရတိုင်း ထတောက်တယ်
တောက်မယ်ကြံတိုင်း လေထဲပဲ
ရယ်ရင်းမောရင်း မျောလွင့်သွားခဲ့တယ်
ရွက်ခြောက်တွေ
အနှောက်အယှက်မဲ့ သူ့အလိုလို
ပြန်ပြန်စိမ်းလန်းနေသမျှ တလျှောက်ပါပဲ
အမှတ်ရမှုကို နမ်းခြင်းဟာ
နမ်းချင်ခဲ့တဲ့ နဖူးကို
သွေးရူးသွေးတမ်းမေ့ပစ်ရတဲ့
အချိန်တိုင်းလောက်ပါပဲ….
ဇယလ
၁၄ ဖေ ‘၁၈