လူတွေဟာ နေ့တိုင်းမမြင်ရတဲ့
ကားတွေ စီးကြတယ်
မရောက်ဘူးတဲ့ အိမ်တွေထဲ
ဝင်အိပ်ကြတယ်
ပင့်ကူမည်းကြီးတစ်ကောင်ရဲ့
ဥတစ်အိပ်ထဲ
ကျောက်တုံးမျက်လုံးတွေနဲ့ ပွားများကြတယ်
စစ်ခြေရာတွေအောက်က မြေကြီးထဲမှာ
ဂီလာနဂီတဟာ ရှိက်လမ်းတွေဖွဲ့တယ်
သူဟာ ကားပေါ် စီးနင်းလိုက်ပါရင်း
ကားတစ်စီးစာ သွားရာလမ်းကို
ရှေ့ကသူ့သေခြင်းနဲ့ ကြိုကြိုဖွဲ့ရတယ်
ဖြတ်သွားတဲ့ မြင်ကွင်းတွေဟာ
လူတွေရဲ့ အပူငွေ့တွေနဲ့ ယက်လုပ်ထားတဲ့
မြင်ယောင်မှားပျံသန်းမှုတွေပဲ
ဗုံတွေ တီးနေကြတယ်
ဗုံတွေဟာ တီးနေကြတယ်
ဗုံတွေဟာ ဗုံမှန်းမသိ ဗုံးမှန်းမသိ တီးနေကြတယ်
တိုင်းပြည်ရဲ့ ထမင်းအိုးတွေထဲမှာ
မီးတွေ တောက်လောင်နေကြတယ်
လူတွေဟာ မလောင်မကျွမ်း သွားလာနေကြတယ်
သူတို့ရဲ့ ထမင်းအိုးတွေထဲမှာပဲ သူတို့
မီးထက်ပြင်းတဲ့ ထမင်းတွေ ချက်ပြုတ်စားသောက်တယ်
နိမ့်ကျလာနေတဲ့ မျက်နှာကျက်ကို
ကြမ်းပြင်အောက်က တင်းခံမှုနံရိုးတွေနဲ့
သူငေးစိုက်ကြည့်နေရုံမှတပါး
သူ့ခန္ဓာတနံတလျားက သူနားမလည်တဲ့
မီးခိုးလုံးတွေဟာ တိုင်းပြည်မည်းကြီးတစ်ခုသဏ္ဍာန်
ဗုံတီးသံမှာ သူထကတယ်
သူ့ကိုယ်ခန္ဓာ လှုပ်လှုပ်ခါခါကနေတာကို
သူတားလို့မရ
အလိုတူ လိုက်ကလို့လည်း မရ
မကလို့လည်း အကထဲမှာ အက မက အက။ ။
ဇယလ
၁၁ ဖေ ‘၁၈