အမှန်တရားကို သတ်ပြီး
မြှပ်နှံထားတဲ့ သေတွင်း
တွေ့ရှိပြီတဲ့
အမှန်တရားကို
ပြန်တူးဖော်ကြမတဲ့
လက်တွေကတော့
ပေါက်တူး ပေါက်ပြားတွေနဲ့ တူးကြတယ်
စိတ်တွေကတော့
ဘာနဲ့ တူးကြသလဲ
ဘယ်သူ သိနိုင်မှာလဲလေ
တူးကြ
တူးကြ
အလံကို ပြောင်းပြန်လှန်ပြီး
နေရင်းကနေ သေတွင်းထဲ
သေမင်းမျက်ကွင်းထဲ
သေခြင်းရဲ့ မြက်ခင်းထဲ
အနက်မယွင်းအောင်
ဆင်းတူးကြ
လေထဲလည်းတူးကြ
လာလာလေ ပျော်ပျော်ပါးပါး
နိုင်ငံတော်သစ်ကို တူးကြ
အကယ်၍ သေတွင်းထဲမှာ
အမှန်တရား
မရှိရင်ကော
အကယ်၍ သေတွင်းထဲမှာ
ဘာမှ မရှိရင်ကော
အကယ်၍ သေတွင်းထဲမှာ
သင့်ကိုသင် ပြန်တွေ့ရင်ကော
အကယ်၍ သေတွင်းထဲမှာ
အကယ်၍ဟာ
လောက်တဖွားဖွားနဲ့
ဟားတိုက်ရယ်မောနေရင်ကော ။ ။
မူလအစကတော့ ရှုပ်ထွေးပါတယ်။ အောင်းနေတာတွေကို CNA သတင်းတစ်ပုဒ်က ဖော်ထုတ်လိုက်သလိုပဲ။ အစုလိုက် အပြုံလိုက် သတ်ပြီးမြှပ်နှံထားတဲ့ သေတွင်းတွေ ရခိုင်မှာ တွေ့ရှိတဲ့အကြောင်း။ ကိုယ်ကိုယ်တိုင် ဘာတွေမြှုပ်ပြီး ဘာတွေ တစ်ချိန်လုံးတူးဖော်ဖို့ ကြိုးစားနေတာလဲ။ အသည်းစွဲ ဆေလန်းရဲ့ ‘မနက်ခင်းရဲ့နို့ရည်မည်း’ ဟာလည်း နောက်ကွယ်ပံ့ပိုးသံလေး တစ်ခုအဖြစ် ဝင်လွင်။ နာဇီဝါဒ။ အကြမ်းဖက်ဝါဒ။ တိုင်းပြည် ဆိုတဲ့ အာရုံ၊ sense၊ အတွေးထည်၊ concept၊ နဲ့ အဓိပ္ပါယ်၊ meaning။ ထိုနည်း၎င်း၊ နိုင်ငံတော်။ နိုင်ငံသား။ မျိုးချစ်စိတ်။ အမှန်တရား။ တရားဥပဒေ။ ကိုယ်ကိုယ်တိုင်ကော ကင်းရဲ့လား။ ကိုယ်ဟာမြှပ်နှံသူလည်း ဖြစ်၊ တူးဖော်သူလည်းဖြစ်၊ မြှုပ်တာတစ်ခု တူးရာတခြားလည်း ဖြစ်နိုင်။ ကဗျာပြုလုပ်ခြင်းကိုလည်း တစ်ဖက်က အပျက်မခံနိုင်။ သံသယဟာ အကယ်၍ရဲ့ အိပ်ဖော်အိပ်ဖက် ဆိုတာကိုလည်း …။
ဇယလ
၃ ဖေ ‘၁၈