ရှိခြင်းရဲ့ဒုက္ခခြင်သွေးနဲ့ အရေပြားနံတဲ့ပိုက်ဆံ
တြိဂံဖြစ်ချင်တဲ့ဆန္ဒရဲ့ ဗျူဟာကျတဲ့ တိတ်ဆိတ်မှု
ဆံပင်ရှည်မှုနဲ့ အလုပ်ထွက်
အဖွဲ့အစည်းကို အနာကခွာချပြီး တောက်ပစ်လိုက်
ဒုက္ခသည်တွေ ငလျင်လို ထွက်လာကြမယ်
စိတ်ကူးကို မယုံကြည်တဲ့
လက်နက်ကိုင်တွေရဲ့ သံချေးစားယုတ္တိမှာ
သွေးသားသဘာဝ ချိုင့်ခွက်တွေရဲ့ အန်ဖတ်တွေ
၂၀၀တန်လူဖြစ်မှုဟာ ၁၀၀၀တန်ငွေစက္ကူမှာ သံစူး
ကြိုးပတ်ရှေးဟောင်းနံရံနောက်ခံနဲ့ ခေတ်အမီဆုံး
ဆဲလ်ဖီရေနည်းငါးရင်သွေး ဖျတ်ဖျတ်လူး
အချစ်သီချင်းဟာ ဗိဿနိုးဆီ ရွက်လွှင့်သွားခဲ့တယ်
ကင်မရာလို့ သူ့ကိုယ်သူထင်တဲ့ ကဗျာဆရာဟာ
ရွတ်ပွဲမှာ သူ့ကိုယ်သူ ခဏခဏ လူစားထိုးနေတာ မဟုတ်ရင်
လူဝင်စားတွေရဲ့ လျှပ်တပြက်ပွဲတော်
အခွင့်ထူးခံ အသေးအဖွဲတွေရဲ့
ရှေ့တန်းက လက်ခုပ်သံထဲ သံချွန်သံခဲတွေ
ဘုရားပွဲက လူသတ်မှုဟာ ပူဖောင်းလို ပျံတက်သွားတယ်
တုံဏှိဘာဝေ ကိုယ်ရည်ကိုယ်သွေး ဆေးပုလင်းကွဲ
လူမှုသရုပ်ပြ အကျိုးအကြေ ဖန်ကွဲစ
ရုပ်ပြပုဂ္ဂလ ရူပကအတ္တယောင်တွေ တောင်တန်းဖွဲ့
ဦးနှောက်နဲ့ နှလုံးသား ဆက်သွယ်မှု ဘီလူးဆိုင်း
ဗီဇစိတ်နဲ့ အလိုအလျောက်ကို မြူခိုးနဲ့ခြံခတ်
သူခိုးဟာ ခြံစည်းရိုးမီးစိုက်
အိမ်ရှင်တွေပါ မီးမြိုက်တဲ့ အမြိုက်တရားတော်
တစ်ယောက်ဟာ တစ်ယောက်ရဲ့ အဆိပ်သိပ်သည်းဆ
အဆိပ်ဖြေဆေးဟာ မြွေရဲ့လက်ဆောင်အလမ္ပါယ်
အော်လိုက်ကြ ဟစ်လိုက်ကြ
ကံတရားကြီး မိုးပေါ်က အစိပ်စိပ်အမွှာအမွှာ ကျလာပြီ
ဒွိလိင်လေတွေ နီမြန်းနေတဲ့ မျက်နှာတွေနဲ့ လမ်းတွေ
အဆုတ်ရောဂါသည် ထမင်းချက်ရဲ့ သလိပ်ဖတ်နဲ့
ရောင်းအားကောင်းတဲ့ စားသောက်ဆိုင်တွေ
ကြိုးစင်ပေါ် ယိမ်းကတဲ့ သေနတ်သမားတွေ
ကျကွဲသွားတဲ့ ဒေါင်းရုပ်ရဲ့အစတစ်စက
ထသီဆိုလိုက်တဲ့ သီချင်းထဲမှာ စွန့်ပစ်ရေသန့်ဗူးခွံတွေ
ဇယလ
၁၅ ဇန် ‘၁၈