စပါးစိုက်ကြ စေတီပုထိုးတည်ကြ စစ်တိုက်ကြ
ဒဏ္ဍာရီတွေစိုက်ထူခဲ့ကြ
မှော်သားဓါတ်တွေ လေထဲပြည့်သိပ်တဲ့
မှော်ဇာဆိုတဲ့ အရပ်မှာလေ
သစ္စာဖြောင့်ဖြောင့်ကြီးတွေနဲ့
မမြင်ရတဲ့ အစောင့်အရှောက်တွေ ထားခဲ့တယ်
လေထဲမှာ မြေထဲမှာ
ရာစုနှစ်များစွာထဲမှာ
ကိုယ့်ခန္ဓာဟာ သူတို့နဲ့လည်း မလွဲမသွေ
ဆိုင်ခဲ့ဖူးတဲ့ အတူနိုင်ခဲ့ ရှူံးခဲ့
မဆုံးနိုင်တဲ့ တဖန်ပြန်လည်ရောက်ရှိမှုတွေထဲမှာ
တစ်ကိုယ်လုံး တဖြန်းဖြန်းနဲ့ ဓာတ်စီးဓာတ်ကြွမှုထဲမှာ
ပြီး … သူတို့အရိုးပြာအိုးတွေထဲ
သူတို့ပြန်ဝင်သွားကြတယ်
အိုးသာကျိုးကြေ ကမ္ဘာမကြေတဲ့
သူတို့အရိုးပြာအိုးတွေထဲမှာ သူတို့ဆက်ရှင်နေကြတယ်
စွန်တစ်ကောင်ဟာ အနိမ့်ပျံပြီး လာနှုတ်ဆက်လေတယ်။
[Jan 3 2017 11:10]
မှော်ဇာအရပ်မှာ
မှော်သားဓာတ်တွေ
တိတ်တခိုးတီးတိုး အစက်အပြောက်တွေ
အလိပ်လိပ်တွေ အထပ်ထပ်တွေ
မှတ်ဥာဏ်ရဲ့နံရံ ကွေ့ယိုင်သွားစေတာ
ဘာတွေ
လပြွတ်တစ်တောင်ရှိတဲ့
ဒွတ္တပေါင်မင်းရဲ့
ပါဝါသက်အာဏာစက်လည်း ပါတာပေါ့
ဗမာပါလို့ ပြောနေတာကို
ဒီမှာအနေကြာတဲ့ နိုင်ငံခြားသားပါလို့
ရှေးဟောင်းယဉ်ကျေးမှုရုံးက ပုဂ္ဂိုလ်က
မတရားစွပ်စွဲနေလို့
ဂဠုန်မှန်း နဂါးမှန်း သိအောင်
လက်မောင်းနှစ်ဘက်ခတ် ဒူးတစ်ဘက်ကွေးမ,ပြီး
ဗမာစကားကို မွှတ်နေအောင် ဒုံးပျံတွေ လွှတ်လိုက်တယ်
ကျွတ်သွားတာပဲ ညွတ်သွားတာပဲ
အစေခံဆိုတာ အာ့မျိုးနဲ့ပဲတန်တယ်
ပြီးမှ ပြတိုက်ထဲဝင်
ကိုယ်မြင်ဖူး ကြင်ဖူး ခင်ဖူး ရှင်ဖူးခဲ့တဲ့
ရှေးဟောင်းပုဂ္ဂလိက ဓာတ်အာရုံခံစားမှုထဲ
ခရီးဝေး ပြန်လာသူလို
ကိုယ့်အိမ်ကိုယ့်ယာမှာ ပျော်ပလိုက်တယ်ပဲဆိုပါစို့
ပန်ထွာဘုရင်မကိစ္စမှာတော့ ကြေကွဲခဲ့ရတယ်
[Jan 3 2017 12:51]