ကဗျာအကြောင်းထက် ကိုယ့်အကြောင်းပဲ ပိုဖြစ်နေမယ်ထင်ပါတယ်။ အခြားမဟုတ်ပါဘူး။ကိုယ့်ကဗျာတွေကိုယ် ပြန်ဖတ်လိုက်တော့ အက်ဗ်စတရက်တ်ဘက် ပိုရောက်နေတယ်လို့ မြင်မိပါတယ်။နေ့စဉ်ပုဂ္ဂလိက အဖြစ်အပျက် တိုင်းရေးပြည်ရေး ကမ္ဘာရေး အဖြစ်အပျက်တွေရဲ့ ခလုတ်နှိပ်မှုကြောင့် ကဗျာစိတ်နိုးထရေးတာထက် စိတ်ကူးထည်တွေရဲ့ နှိုးဆွမှုကြောင့် လန်းရတာကို ပိုကြုံတွေ့ရပါတယ်။ပကတိအဖြစ်အပျက်တွေကိုတော့ ဘယ်လိုလွန်ဆန်နိုင်မလဲလေ။ဆိုလိုတာက အဲဒီပကတိအဖြစ်အပျက်တွေဟာ ကိုယ့်စိတ်ထဲမှာ ပကတိရုပ်ဖြစ်စဉ်တွေ ကွာကျပြီး နာမ်ဖြစ်စဉ်ဘက် ဦးတည်သွားတတ်တာကို သတိထားနေမိတာဖြစ်ပါတယ်။
အာရုံ(၅)ပါးထက် ဓမ္မာရုံဘက် ပိုညွတ်များနေလေသလား။ပကတိအရှိတရားရဲ့ ပကတိ ဘာသာစကားထက် အတွေးထည်ဘာသာစကားထဲ ပိုငြိစွန်းငြိတွယ်နေသလား။ ခရီးသွားရင် လေယာဉ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကနေ ဘေးဘီပတ်ဝန်းကျင် အလှသဘာဝ ဘာညာကို စိတ်မဝင်စားပဲ စာအုပ်တစ်အုပ်အုပ်ကိုပဲ စိတ်နဲ့ ရက်ရှယ်နေတတ် နေပျော်တာ။
အနိစ္စ ဒုက္ခ အနတ္တ တြိဂံထဲကနေ ကမ္ဘာကြီး ပြေးမလွတ်တာ။
အက်ဗ်စတရက်တ်ဆန်တဲ့ နောက်တစ်ချက်က ပုံသဏ္ဍာန်ပိုင်းဆိုင်ရာကိစ္စပါ။ သရုပ်မှန် မဟုတ်၊ ဆင်ခြင်ယုတ္တိအခြေပြု မဟုတ်၊ ပကတိအရှိတရား သရုပ်သကန် ထင်ဟပ်မှု မဟုတ်၊ ဇာတ်လမ်းသဘော မဟုတ်၊ မျဉ်းဖြောင့်ဖွဲ့စည်းမှု မဟုတ်၊အကြောင်းအရာ ဆီလျော်စွာ ချိတ်ဆက်မှု မဟုတ်၊ ပကတိအရှိတရားကို သာမန်အတိုင်းသိရှိပုံ မဟုတ်၊ တုပခြင်း မဟုတ်၊ ထင်ဟပ်ခြင်း မဟုတ်တဲ့ ဖွဲ့စည်းခြင်း။
ပင်မရေစီးရဲ့ နားလည်မှု လက်ခံမှု သဘောကျမှု ဩဘာပေးမှုနဲ့တော့ သူစိမ်းဆန်နေမှာပါပဲ။ နောက်ဆုံးတော့လည်း ကဗျာပေါ် သစ္စာရှိခြင်းဆိုတာ ကိုယ့်အတွက် ကဗျာဖြစ်ခြင်းက ကိုယ့်ကို ကဗျာရေးစေခြင်းရဲ့ အပြန်အလှန် မိတ်သဟာယဖွဲ့ထားခြင်းရဲ့ သမုတိတံတားပဲ ဖြစ်ပါတယ်။
ကဗျာဟာ ကဗျာဆရာနဲ့ ဘယ်ပုံဘယ်နည်းတွေပတ်သက်စပ်ယှက်နေသလဲ။ကဗျာရဲ့ အကျယ်အဝန်းအတိုင်း၊ ကဗျာရဲ့ အနက်အရှိုင်းအတိုင်း ကဗျာဆရာဟာ ထပ်တူရှိနိုင်သလား။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။
၁ ဇန် ‘၁၈