အဲဒီကို ဘယ်လိုသွားရသလဲ
သစ်ကိုင်းပေါ်က ခုန်ပြီး
လေထဲ လှမ်းလျှောက်သွားရုံပဲ
အဲဒါ ဘယ်မှာစခဲ့သလဲ
တစ်ခုခုကို ဆုံးရှုံးရတော့မယ့်ဟာဟာ
ဘယ်မှာအရာစထင်သလဲ ပြောကြည့်ပါ
ဖြစ်ဖူးခဲ့တာဟာ အတွေ့အကြုံဖြစ်သလား
တစ်ခါက ဖြစ်ဖူးခဲ့တာဟာ
နောက်တစ်ခါမှာ မဖြစ်ဖူးသလို
ပြီး၊ ဖြစ်သွားတာမှ ကိုယ့်မှာတန်းလန်းကြီး
ကြမ်းတမ်းမှုဟာ အလန်းကြီး အဆန်းကြီး
ငြမ်းဆင်ပြီးတဲ့ အဆင်ဟာ
ဆောက်တည်ရာမဲ့တာမှ အရှင်လတ်လတ်ကြီး
ရုတ်တရက် ခမ်းခြောက်သွားမှုထဲ ဟုန်းတောက်တဲ့မီး
တစ်ဖက်ဖက်တော့ မလှည့်ဖြစ်ဘူးလား
ကိုယ်ဟိုဖက်လှည့်လိုက်ပေမယ့်
ဟိုဘက်ဟာ ကိုယ့်ကိုကျောပေးပြီး တဆတ်ဆတ်တုန်လို့
ဘာကို အာရုံခံစားမိသလဲ
မသိပါဘူး၊ နတ္ထိရဲ့ ခံတွင်းထဲက ယုတ္တိမဲ့ခြင်းအနံ့စူး
ဘယ်လို တုန့်ပြန်လိုက်သလဲ
လေထဲကငှက်တွေ အကုန်ပစ်ချနိုင်ရင်တောင်
ဟိုတောင်ပေါ်ရိုးဆီက
လေဟာ ငှက်တွေ ဆက်မွေးထုတ်နေဦးမှာပဲလေ
ခိုနားစရာ တစ်နေရာများ …
ကိုယ့်လက်ဖဝါးထဲ
လိပ်ပြာတောင်ပံတစ်ဖက် ကျလာတယ်
နွေးထွေးနေသေးတဲ့ ပဟေဠိဇီဝတဖျတ်ဖျတ်နဲ့
သင်ခန်းစာတစ်ခုခုရှိရင် ပြောပြစေချင်ပါတယ်
ကနေတာပါလို့ ချော်လဲလေဟုန်စီးကြည့်ပါ
ဒါလည်း ပြီးသွားမှာပါလေလို့
ကိုယ့်ကိုကိုယ် လုပ်ကြံပြောရတာပဲပေါ့
သုဿန်ညောင်ညိုပင်ကြီးရဲ့
မှတ်တမ်းရှင်
ယော်စသစ်ရွက်ပမာ
သူ့အစိမ်းတွေကို သူစိမ်းတစ်ရံမဆန်နိုင်သေးတော့ … ။ ။
ဇယလ
၂၇ ဒီ ‘၁၇