လောင်ကျွမ်းနေကြမှာပဲနော်
ဒီဇင်ဘာရဲ့ ကူးရတော့မယ့် ဦးနှောက်ဆေးဆဲလ်တွေ
တစ်နေ့တစ်နေ့မင်ရတဲ့ လမ်းပေါ်မှာ
တစ်နေ့တစ်နေ့မမြင်ရတဲ့ လမ်းပေါ်မှာ။
ဦးငိုက်စိုက်နဲ့ တမော့မော့
တမော့မော့နဲ့ ဦးငိုက်စိုက်
ဘယ်လိုမဆိုတော့ ဖတ်သန်းကြရမှာပဲလေ
စက်ဝိုင်းထဲ ဖတ်သန်းကြရသလိုပဲပေါ့
နော့။
သူတို့ကို ဘယ်လို ထားရစ်ခဲ့ရမလဲ
သူတို့ကို ဘယ်လိုဖြစ်ဖြစ် ထားရစ်နိုင်ဖို့ပဲ
ဘယ်စိတ်ရဲ့လမ်းပေါ် ကိုယ်တည်ဆောက်ရပါ့
ဘယ်လမ်းရဲ့စိတ်ပေါ် ကိုယ်ဖြည်လျှောက်ရပါ့။
ဒွိဟဟာတစ်လမ်းလုံးပဲ။
ကာလတွေရဲ့ဖုံတွေရှင်းဖို့ ကာလတွေလိုတယ်
စာအုပ်ပုံထဲက ဘယ်အမှတ်ရမှုတွေ ထားခဲ့ရမလဲ
ကိုယ့်ကိုလာနှိပ်စက်ကြဦးမယ့် ဖုံလုံးဒြပ်ထည်တွေ
အမှတ်သညာ ရင်မှာလာကပ်ကြမယ့် ဒပ်သားတွေ
ဓါတ်သားတွေ သေပေမယ့် မသေသေးတဲ့ ရောင်လျှံတွေ။
လက်နဲ့ပယ် စိတ်နဲ့ရွေးပြီး
စိတ်နဲ့ရွေး လက်နဲ့ဝေးသွားတာ
ဒီသစ်ပင်ကောက်ထည့်ရ ဟိုတောင်ကိုချန်ခဲ့ရ
လမ်းကြောင်းပျောက်ရ၊ လမ်းပေါက်ပေမယ့် မှောက်ရ၊
မှောက်ပေမယ့် အထောက်အကူဖြစ်ငြား ထောက်ငဲ့ရ၊
စိတ်ကိုင်းဖျားနားမှာ အို… ဘာတဲ့ ထပျံသွားတာ
ကိုင်းဖျားဆတ်ဆတ်ခါခဲ့တာ
ကြယ်များရင်မှာကြွေရင်ဖြင့်…။
လောင်ကျွမ်းနေကြမှာပဲလေ၊
ကိုယ်သာမသိတာ။’သိ’ဆိုတာကို မသိတာ။
နာကျင်မှုဟာ ရေတစ်ခွက်လို သောက်ရတာ။
လောင်ကျွမ်းနေပါ။
လှပစွာ အလင်းပေးပြီး လောင်ကျွမ်းနေလေပါ။
လောင်ကျွမ်းမှုထဲမှာပဲ ကိုယ်တို့ပေါက်ဖွားကြရတာ။
ဒွိဟဟာ တစ်လမ်းလုံး ပွင့်ဝေနေတာပဲ။
ကိုယ်မင်းကို ဖုံခါပြီးခါမှ
အခါခါတွေထဲမှာပဲ မင်းကိုထားရစ်ခဲ့လေတာ။ ။
ဇယလ
၁၃ ဒီ ‘၁၇