စကားလုံးအစုအဝေးတစ်ခုဟာ ဘယ်အချိန်မှာ ကဗျာဖြစ်သွားသလဲ။ ကဗျာအဖြစ် ရည်ရွယ်ရေးသားတိုင်း ကဗျာမဖြစ်သွားတာ ဘာကြောင့်လဲ။ကဗျာဖြစ်သွားတဲ့အခါကော ဘာကြောင့် ကဗျာဖြစ်သွားသလဲ။ ခေတ်နဲ့လည်းဆိုင်မယ်။ ခေတ်က’ကဗျာ’လို့ သတ်မှတ်ထားပြီး သတ်မှတ်ချက်နဲ့ ညီညွတ်ရင်။ ဒါပေမယ့် ဒါဟာလည်းပုံသေနည်း ဆန်ပါတယ်။ ကဗျာရေးသူက ‘ငါဟာ ကဗျာဆရာမို့လို့ ငါရေးတာ ကဗျာပဲ’ ဆိုတာဟာလည်း ငါတကောကော ဆန်ပါတယ်။ အထူးသဖြင့် ဆယ်လီတွေ။ ဖတ်သူက သူကြိုက်ရင်ကဗျာပဲဆိုတာဟာလည်း သုံးစားလို့မရပါဘူး။ ဒါပေမယ့် ယတိပြတ်ပယ်လို့ မရတာတွေလည်း ရှိနေပြန်ရော။
‘ကဗျာဓါတ်ရှိမှကဗျာဖြစ်တယ်’ ဆိုတာကိုတော့ ကျွန်တော်ယုံကြည်ပါတယ်။ဒါပေမယ့်’ကဗျာဓါတ်’ဆိုတာ ဘာကိုဆိုလိုတာလဲ။’မသိကိန်း’ ‘X-factor’လို့ ဆိုရမလားပါပဲ။ အကြောင်းပေါင်းစုံ တိုက်ဆိုင်မှုလား။ အကြောင်းအရာနဲ့ ပုံသဏ္ဍာန်တို့ရဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုတို့ရဲ့ gestalt effect လား။ ဘာကဗျာဓါတ်မှမပါပဲ ‘ကဗျာ’လို့ သတ်မှတ်နေကြတာကိုကော ဘယ်လိုပြောရမလဲ။ ‘မသိစိတ်’တို့၊ ‘မှော်’ (magic/alchemy)တို့ ဆိုတာတွေလည်း ကဗျာဗေဒ၊ကဗျာဒဿနတွေမှာ ရှိနေတော့။
ဦးနှောက်လုပ်ငန်းပိုင်းဆိုင်ရာဘာသာဗေဒပညာရှင်တွေပြောကြတာလည်းရှိသေးတယ်။စကားပြေဆင်ခြင်ယုတ္တိဟာဦးနှောက်ဘယ်ဘက်ခြမ်းရဲ့အလုပ်ဖြစ်ပြီးကဗျာဆိုင်ရာဆင်ခြင်ယုတ္တိမဲ့ အ,ဆင်ခြင်မှုအလုပ်ဟာဦးနှောက်ရဲ့ညာဘက်ခြမ်း အလုပဖြစ်တယ်။ကဗျာရေးဖွဲ့မှုဖြစ်စဉ်ဟာဦးနှောက်၂ခြမ်းစလုံးရဲ့ ခုန်ကူးနေမှုဖြစ်ပြီးဆင်ခြင်သိရဲ့ထိမ်းချုပ်မှုအောက်မှာမရှိပါဘူး။မသိစိတ်လုံးလုံးမဟုတ်သလိုသိစိတ်လုံးလုံးလည်းမဟုတ်ပါဘူး။ကဗျာကိစ္စဟာဦးနှောက်ညာဘက်ခြမ်းနဲ့ပိုပတ်သက်တာာမှန်ပေမယ့်ကဗျာဓါတ်ဟာ၂ခြမ်းစလုံးရဲ့အပြန်အလှန်ထဲမှာရှိနေတာများလား။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။
ဇယလ
၁၃ ဒီ ‘၁၇