တစ်ခါပြန်လှည့်လာကြတယ်။ မင်းနဲ့ကိုယ် ဖက်ထားကြတဲ့
အပေါက်ထဲ ကိုယ်တို့ ထပ်တိုးဝင်ကြတယ်။
သွေးဆူနေတာ စိမ်းတောက်လို့၊
တစ်ယောက်ကိုတစ်ယောက် ပြန်မမှတ်မိခင်
မသိသေးတာတွေထဲ မေ့ပျောက်လိုက်ကြဖို့။ လိုက်ကြဖို့။
ထပ်ကြဲဖို့ တစ်ခါပြန်လှည့်လာကြတယ်။
တင်းတင်းကြပ်ကြပ် တစ်ယောက်ထဲတစ်ယောက်
ဖောက်ဝင်သွားကြဖို့။ ကြဲဖို့။ ဖရဲသီးကို ရွှဲရွှဲကိုက်ချဖို့
စပျစ်သီးထဲ ကာလကို ဖောက်ခွဲပစ်လိုက်ဖို့။ လေယာဉ်ပျံတွေ
ဆက်လာနေကြတယ် ဆက်လာနေကြတယ်။ လာနေတယ်။
တစ်စိတ်နဲ့တစ်စိတ် မီးကွင်းချိတ်ပြီး ဆက်လာနေကြတယ်။
မီးကွင်းထဲ ကိုယ်တို့ မီးကွင်းကို စုပ်နမ်းကြတယ်။
အကြမ်းနည်းနဲ့မှ ချောရမယ့်ကျောပြင်တွေမှာ
လိုချင်တာတွေ ကိုင်လှုပ်ချွေပြီးေ ကြွတာတွေယူကြတယ်။
မြေဆွဲအားမှာ ရနိုင်ချေထဲ ကိုယ်တို့ပြိုလဲသွားကြတယ်။
ဒူးဆစ်တွေ ပြုတ်ပျက်ကုန်ကြတဲ့အထိ မဖြစ်နိုင်ဘူးလို့
စူးရဲအော်သံတွေကြား လေယာဉ်တွေဟာတစ်ခါ
ပြန်လှည့်လာကြတယ်။ အဆက်မပြတ်အငမ်းမရ
ကြေမွချင်လို့ နေ့အလင်းရဲ့အပေါက်ထဲ ဆက်တိုးကြတယ်။
မမြင်ရတဲ့ကောင်းကင်ကို ဆွဲဖြဲလိုက်ကြတယ်။
အမှောင်တွေ စိမ့်ဝင်လာနေတဲ့အထဲပဲလည်း
တစ်ခါပြန်လှည့်လာနေကြတယ် အမှောင်ဟာမီးကွင်း
ပစ်မှတ်စက်ကွင်းစိမ်းလန်းထဲ မီးကွင်းထဲ မင်းနဲ့ကိုယ်
လိုတာတွေ မကျန်တော့အောင်
ကျန်တာတွေ မရှိတော့အောင်
ရှိတာတွေ သိမ်းကြုံးကုန်အောင်
မီးလောင်ပေါက်ကြီးထဲ
တစ်ခါပြန်လှည့်လာကြတယ်။ ။
ဇယလ
၅ ဒီ ‘၁၇ ဒီ