ဝံပုလွေကို လွတ်အောင်ပြေးရင်း
သစ်ပင်နဲ့ တည့်တည့်ဝင်ဆောင့်လို့
နဖူးကွဲတာလည်း ရှိသပေါ့။
ဘဝဆိုတာမှာ ဒီလို
ပျော်စရာလေးတွေလည်း ရှိသမို့။
အဲဒီသွေးရဲမျက်နှာကို ဝံပုလွေမြင်တော့
ဒင်း … တစ်ချိုးတည်း လစ်တော့တာပဲ၊ ဟားဟား။
အသက်ရှင်ရတာ ကောင်းပါတယ်။
သစ်ပင်တွေတော့ ကြည့်ရှောင်ပေါ့။
အထူးသဖြင့် ဝံပုလွေ အနောက်က လိုက်လာရင်။
ဒီချိတ်ဆက်မှုကို ကိုယ်ဒီလောက် မစူးစိုက်ခဲ့ဘူးဘူး။
ကိုယ့်ကို တလွဲတော့မထင်နဲ့။
သင့်အထင်မှာ ကိုယ်ဟာကောက်ကွေ့ပြီး
တစ်နည်းနည်းနဲ့ တည့်မတ်သွားလိမ့်မယ်။
ပြောကြစတမ်းဆို ဘယ်သူဟာ တပြေးညီ
ပီပီပြင်ပြင်ရှိသလဲ။
ပဉ္စရူပဟာ တိကျတဲ့သာဓက။ လွဲချော်ခြင်းဟာ လှပ။
မယုတ်မလွန် ပြောရရင် ဘဝဟာ တော်တော်ကြောင်တာပဲ။
အမယ် … သူ့မှာ အခမ်းအနားအစီအစဉ်တွေ ဘာတွေနဲ့။
အဟဟား။ ဝံပုလွေနဲ့ သစ်ပင်နဲ့က ပြေးလမ်းတည့်တည့်မှာ။
၎င်းအပြင် အဲဒီတောထဲ မှော်ရှင်ဂီတသံစဉ်ကလည်း
မေးခွန်းမှာ ပေးထားချက်တစ်ခုလို … အို … ခိုးနမ်းများ
ဆိုသွမ်းလှတဲ့ … အား … အရမ်းချစ်တာပဲ အရသာ။
မျက်နှာပြင်တွေနဲ့ အနက်တွေဟာ တစ်ခုနဲ့တစ်ခု
သစ္စာထားမိသလို လွဲကြတယ်။ ကံကောင်းရင် ကြမ္မာညောင်းနေလို့ ဖြစ်ရမယ်။
ချောင်ကျကျ ချောကျိကျိရွေးချယ်မှုတိုင်းမှာ
အသားပိုနဲ့ပဲ ချိတ်မိတတ်သလိုပါပဲလေ။
အဲတော့ပြောပါ၊ မောင်ရေခဲ။
နှင်းတောထဲမှာ သင်ဟာ ဘာများတွေ့ခဲ့သလဲ။
နှင်းလူရဲ့ ခြေရာခွက်ကြီး တွေ့ခဲ့တယ်။
(ကိုယ့်ဦးနှောက်ထဲမှာ
အဲဒီသံစဉ်ပဲ မြည်နေတယ်။ ဒုက္ခ။)
ယုံကြည်သူများရှိရင် အဲဒီခြေရာကိုပဲ
ရှိခိုးကိုးကွယ်ကြမလားပဲ။
သူဟာ ဝံပုလွေအဖြစ်ကော အသွင်ပြောင်နိုင်သလား၊
ပြောဖန်များ၊ စကားရ။
သစ်ပင်ကြီးကြီးမားမားတွေ့ရင် ရှောင်ရှားဖို့ သတိရကြ။
အို … နဖူးကွဲခဲ့တဲ့ မောင်ရေခဲ။ ။
၃ ဒီ ‘၁၇