(၁)
ကမ္ဘာကြီးဟာဘယ်လောက်ကျယ်သလဲ
ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
ကုန်သည်ရွဲကစားဓနရှင်ကြီးတွေပါဝယ်
လိမ်လိမ်မာမာနေရင် ဒီညနေမှာ
ရွေးကောက်ပွဲလုပ်ပေးမယ်
သမိုင်းကရုန်းကန်လိုက်တာ ကိုယ့်မှာလည်း
အကန်ခံလိုက်ရတယ်
ဘာသန့်စင်ရေး၊ ဘာထိမ်းသိမ်းရေး၊ လူမျိုးရေး
တစ်ခုလုံး ဈေးကစားခြင်းတောင်းထဲတလိမ့်လိမ့်
ပြီးတာတွေလည်းပြောင်းခဲ့ပြီ
ရောင်းတာတွေလည်းမြတ်ခဲ့ပြီ
ကာလပေါက်ဈေးရဲ့ဘယ်မိုင်တိုင်မှာ
ရွှေဈေး၊ရေနံဈေး၊ဆန်ဈေး၊ အလုပ်လက်မဲ့လူငယ်လေး
ရဲ့လက်တစ်ဘက်ချော့ပျိုဘော်ဝင်ရင်သား
စူစူလေးတစ်စုံရဲ့မငြူစူကြေးတိုင်းရင်းဈေး
ကမ္ဘာကြီးရဲ့ဈေးထဲမှာကမ္ဘာကြီးဘယ်ဈေး
ဘယ်သူဟာဘယ်ဈေး
ဈေးခြင်းတောင်းကြီးထဲမှာ
ဈေးဟာဘယ်ကန်ထရိုက်ဘယ်ဈေး
ယောနိမှာမွေးညင်းနုနုပေါက်နေတာ
အပိုလက်ဆောင်ပေးလိုက်မယ်
ကမ္ဘာ့နံရံပေါ်ရိုက်ထားတဲ့သံချောင်းဟာ
သူ့အလိုလိုကွေးသွားတယ်
19 November
(၂)
အခုတော့မျှော်လင့်ထားတာတွေဟာအရေခွံဟောင်း
မဟုတ်ရင်ခွာအသစ်၊ တိုင်းပြည်ကိုတစ်ကိုယ်စာ
ထမ်းတင်မယ် မဟုတ်ရင် မဟုတ်ဘူးပဲထားလိုက်ပါ
ဆီလျော်တဲ့ပျော်ရွှင်မှုကိုတန်ရာတန်ကြေးခွဲတမ်းချလို့
ကုန်ကျသလောက်တတ်နိုင်ရင်ကိုယ်လည်းရရှိရမှာပေါ့
နောက်ဆုံးရခဲ့ဘူးတာလေးဟာပဲ ဘဝမှာအမှတ်တရ
တကယ့်အမှန်ကန်ဆုံး တကယ့်အမွန်မြတ်ဆုံးလို့
ချုံးမွဲချငိုပြီးသစ္စာတိုင်တည်ရတော့မလို
နေထိုင်ရခြင်းရဲ့အမှတ်အသားမှတ်ကျောက်ဟာ
တောင်ထိပ်ရောက်ပြီးငုံ့ကြည့်တော့ ပြားပြားကြီး
ဆိုသလိုပေါ့ ဓါတ်ဖမ်းပြီးပြန်ကြည့်မှရေးရေးရယ်
ဟောဟိုမှာ
ညီညွတ်မှုဆိုလားအတွက်လိမ်ကောက်ရတဲ့
မြစ်တစ်စင်းရဲ့ငိုချင်းရှည်
19 November
(၃)
မထူးခြားပါဘူး။ကြာတော့လည်းရိုးသားတဲ့
အကျိုးသက်ရောက်မှုကိုဖော်ပြဖို့
ဘာသာစကားအရာမရှာနိုင်တဲ့အတူတူ
လုပ်စားတာတော့လုပ်စားတာပေါ့အဲသလိုတော့
ဒဲ့ကြီးမပြောပါနဲ့လားအကိုရယ်ကိုသဘောကျမိ
မသိစိတ်မှာကိုယ့်ဝမ်းနာ သိစိတ်မှာကိုယ့်ပန်းနာ
အဓိပ္ပါယ်ပြုလုပ်ခြင်း၊လူကြီးလူကောင်းဆန်လိုခြင်း၊
ကိုယ့်ဆန်ရင်းကိုပမ်းပမ်းထွက်အောင်နာနာဖွတ်ခြင်း
စတာတွေဟာအခြေအနေအရဂွင်မကျရင်ဂွေးကျ
ဘုရားမ,တာပဲဆိုပြီး
ကိုယ့်လက်ပေါ်က လပျော့လေးကိုသံဝေဂအလံလိုလို
ကန့်သတ်မှုရှိတဲ့နေရာမှာတစ်ယောက်ယောက်ရဲ့အယူ
အဆနဲ့ညီမျှအောင်ဗေလုဝစောင်းကြိုးလျှော့ရ
သေးသိမ်တဲ့ဆုလာဘ်အတွက်သစ္စာကိုကြီးမားစွာ
ဖောက်လိုက်ရတာပဲ နေဟာဒီနေ့လည်းညာတယ်
ဆံပင်အရောင်ပြောင်းသွားတော့
လူလည်းလိုင်းပြောင်းသွားတယ်
ကီမိုအခါခါအပြီးဆံပင်တွေ တောင်ပြိုမြေပြို
ပင်လုံးကျွတ် ခေါင်းဖီးခေါင်းလျှော်အလုပ်
သက်သာသွားတာပေါ့လို့စိတ်ဖြေစကား
ကမ္ဘာကြီးတစ်နေရာမှာ တောမှီရသေ့ဟာ
ဒရယ်မလေးကို နောက်ကနေခါးဖက်ပြီး
ဒစ်ကြာအလိုက်မေတ္တာပိုက်ပို့နေမှာပဲ
ထိမ်းသိမ်းထားနိုင်တဲ့ဖွံ့ဖြိုးမှု
ဘရာခွက်ထဲလက်ထိုးပွေ့ရတဲ့မင်းရဲ့ရင်သားတွေ
လက်မနဲ့လက်ညှိးကြားနိုးထလာတဲ့
ဗဟိုချက် ဗဟိုပြုမှု ဗဟိုချုပ်ကိုင်မှု ဗဟိုပြိုလဲခြင်း
အမျိုးသားရေးသရေကွင်းနဲ့တစပ်စပ်
19 November
(၄)
အို…ငါငိုတယ်။အို…ငါ့တိုင်းပြည်
ငိုတယ်။အို…ငါ့တိုင်းပြည်ဟာငါ့ထဲငိုတယ်။
အို…။အုပ်ခံခဲ့ရတဲ့အသံတွေဟာအလွတ်မှာ
တအံ့တဩ၊ပြောစရာမရှိ/မသိ/မမိ
အမောဟောဟဲဖောက်လို့။စကားကိုပြန်သင်ရသလို
ငှက်ကိုဠင်းတ၊ပုရွက်ကိုပုစိန်၊မီးလောင်ပြင်ကို
အနာဂတ်၊စသည်။
လူသားမမည့်တမည်လူမမာတွေဟာအမာခံအမည်းတွေ။
ရေမြေတောတောင်ကိုသားကောင်လုပ်တဲ့မုဆိုးတွေ။
အို…အဆိပ်ပန်းထဲကဝတ်မှုံကိုဘယ်သူကူးကြတယ်။
ငါတို့ကူးကြတယ်။
ငါတို့ဘာကြောင့်ကူးကြတယ်။
ငါ့ဝမ်းပူဆာမနေသာလို့ကူးကြတယ်။
အကြောက်တရားတထောက်နားရင်း
မှောက်ထားတဲ့လက်ခုံပေါ်သံနဲ့ရိုက်ကြတယ်။
ညစာကိုမသေမရှင်စားရင်း ညရဲ့မျက်လုံးထဲက
မျက်ရည်ပေါက်မှာကိုယ့်ရုပ်ကိုယ်ပြန်မြင်ရပြီး
အို…ချက်ချင်းအပြစ်လွှဲလိုက်တယ်။
ပျော်ရဲ့လား မောင်တို့ရေ။
ပျော်သလေလေ့ ပျော်တယ်လေ့။
ပျော်ရဲ့လား မယ်တို့ရေ။
ပျော်ပါတယ်ရှင့် ပျော်တယ်ရှင့်။
မိမိကိုမိမိသမိုင်းလိုလုပ်ကြံပြီး
လံကြုပ်ထဲကလ,ငပုပ်ကျွဲကို
ဤလို့သမိုင်းပေးတာဝန်ဖတ်ခဲ့ကြတယ်။
စာသင်ခန်းတွေမှာ မိမိတို့ဦးနှောက်တွေဟာ
ဗလိနတ်စာဖြစ်ခဲ့တယ်။
ပျော်သလားဟေ့ ငါတို့ရေ
ပျော်ပါတယ်ဟေ့ ပျော်တယ်ဟေ့။
ပျော်သလားဟေ့ တိုင်းပြည်ရေ
ဘာပြောရမလဲ ပျော်တယ်ဟေ့။
21 November
(၅)
ကိုယ့်မျက်ရည်ကိုယ် ပြန်ကိုက်တဲ့ခွေး
ကိုယ့်ခွေးကိုယ် ပြန်ကင်စားတဲ့မီးဖို
ကိုယ့်မီးဖိုကိုယ် ပြန်မြိုချတဲ့လည်ချောင်း
တလျှောက်
ကိုယ့်ယောက်ယက်ခတ်မှုကို ကိုယ့်အသုဘယပ်တောင်နဲ့
သံသရာတစိမ့်စိမ့် ငြိမ့်ငြိမ့်နှပ်လို့နေတာ
မုန်တိုင်းကိုယ်ဝန်နဲ့ ပျိုးခင်းထဲမှာ ရွက်နုကိုမှ
တဖောက်ဖောက်စားပြီး လေစိမ်းကို ညံညံစီစီ
ဓားကြိမ်းကြိမ်းတဲ့
အပလိန်း အပလီ အာပလာ အစ်ပလစ်
ပုရစ်
အဆစ်တိုင်းမှာ ဓား
ဓားတိုင်းမှာ အက
အကတိုင်းမှာ ကံစီတဲ့
ဥာဏ်မမီ ဦးမင်တံ
ဖန်မျက်လုံးထဲက လောကပုံရိပ်များ
တိမ်တွေများ လွင့်ပြယ်နေပုံဟာ
ကိုယ့်အမည်နာကို ဖြားယောင်းသွားလေသလား
ကိုယ့်အိမ်ကိုယ် မီးရှို့လိုက်တဲ့လေ
ကိုယ့်လေကိုယ် စိုက်ပျိုးလိုက်တဲ့သီးနှံ
ကိုယ့်သီးနှံကိုယ် ကိုက်ချီထားတဲ့နှုတ်ခမ်း
ပျံသန်းသွားခဲ့တဲ့ ပုရစ်အခုန်မှာ
မကြွေရုံတမယ် ကြွေစုံပစ်လိုက်ရမှာလား
လေဟုန်စီးတယ်လို့ လည်ဆည်ထုံကူးရပြီလား။
21 November
[ More ]