အနန္တစကြဝဠာမှာ မိမိတို့ပဲရှိကြသလား

ဒီနေ့ရဲ့ဝိသေသဟာဆိုရင်ဖြင့်
စိုမလိုနဲ့ခြောက်သွေ့တယ်လို့ပဲပြောရမှာပါပဲခင်္ဗျာ
နေရာတိုင်းမှာကောင်းကင်တွေတပြန့်တပြူးရှိလျက်နဲ့
စိုထိုင်းစတွေ လေထုဖိအားတွေ သောက်ကောင်းတဲ့ဝိုင်တွေ
ရှိနေလျက်နဲ့ခြိမ်းပြီးမရွာတဲ့မိုးခြောက်ကပ်တွေ
မိုးကောင်းကင်ရဲ့ဝင်ရိုးတံခါးမှာအခါမလပ်
ညပ်သေတဲ့လမ်းပြအိမ်မြှေင်တွေ
ဖြတ်သွားတဲ့ကားမှန်တွေပေါ်
တိမ်သားတွေလိုက်ပါသွားကြတယ်
ဒီမှာဆုတောင်းပွဲတွေလုပ်နေကြတယ်ဗာလေယို
ဒါပေမယ့်ဒါတွေကိုခင်္ဗျားလည်းယုံကြည်တာမှမဟုတ်တာ
လုံးဝဥဿုံကွန်မြူနစ်

ကျောက်စလစ်ဖြူလေးပေါ်တင်ထားတဲ့
အနက်ရောင်ကျောက်စလစ်

ဗာလေယိုဟာရှေ့ဖြစ်ဟောခဲ့တယ်
ပါရီမှာပဲသေမယ်မုချတဲ့
မိုးကြီးသည်းကြီးမည်းကြီးချနေတဲ့ကြာသာပတေးမှာဖြစ်မယ်တဲ့
သူ့ကိုယ်သူသေပြီးသွားပြီတဲ့
ဘယ်သူ့ကိုမှသူဘာမှမလုပ်ပဲ
သူ့အထီးကျန်မှုကိုလူတွေရိုက်နှက်ကျလို့တဲ့
လူ့ဘဝရဲ့ဒုက္ခသစ္စာနဲ့ ဧကန်မြဲသောမမြဲခြင်းတို့ရဲ့
သံတမန်ကြာသာပတေးဟာသက်သေတဲ့

ဘဝမှာဒုက္ခတွေဟာကြီးပါတယ်
ကိုယ်မသိဘူးပဲထားပါတော့
အဓိပ္ပါယ်မဲ့မှုပဓါနနဲ့ဖြစ်တည်မှုဝါဒရဲ့သက်သေ
ဒီနေ့မှာလည်းနျူးယော့က်မဲန်ဟက်တန်မှာရာသီဥတု
သာယာတုန်းအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု
ကိုယ်မသေပဲသူတို့သေလည်းကိုယ်လည်းပစ်မှတ်ပဲ

ကျောက်စလစ်ဖြူလေးပေါ်တင်ထားတဲ့
အနက်ရောင်ကျောက်စလစ်

ပီရူး (ဗာလေယိုဟာပီရူးနိုင်ငံသား)အယူမှာ
ပျော်ရွှင်ခဲ့ရတဲ့နေ့တွေအတွက်အဖြူရောင်
မပျော်ရွှင်ခဲ့ရတဲ့နေ့တွေအတွက်အနက်ရောင်
သေတွင်းတစ်တွင်းရဲ့အမှတ်အသား
ကျောက်စလစ်ဖြူပေါ်ကအနက်ရောင်ကျောက်စလစ်

ရှေးရောမထုံးတမ်းမှာတရားစီရင်ပြီးပြစ်ဒါဏ်ချမှတ်ကြတဲ့အခါ
အပြစ်ရှိရင်ကျောက်စလစ်မည်း
အပြစ်မဲ့ရင်ကျောက်စလစ်ဖြူ
(အဖြူပေါ်အမည်းတင်တော့စဉ်းစားကြည့်လိုက်ပေါ့မိတ်ဆွေ)

သူ့ခေတ်ပီရူးမှာဆိုရိုးစကားရှိခဲ့တယ်
သမ္မတနိုင်ငံတော်စနစ်လည်းယုံမမှတ်နဲ့
ခရစ်ယန်ဘာသာပေါ်လည်းပုံမအပ်နဲ့
သမ္မတစံနစ်ပေါ်ယုံရင် ဓနရှင်တွေစားသွားမယ်
ခရစ်ဝါဒပေါ်ပုံရင် ဘုန်းကြီးဝါးသွားမယ်
ဆိုဗီယက်ကအပြန် ဗာလေယိုမှာဖွင့်မပြောတဲ့
ဝါဒဝိရောဓိဒဏ်ရာနောက်ကျိနဲ့
ကွန်မြူနစ်ဇင်လား စတာလင်လား
နရူဒါလည်းအဲဒီမှာ သေတဲ့အထိသစ္စာဒွိဟဖြစ်ခဲ့တယ်

(အင်္ဂလိပ်စကားမှာပေါ့နော် avoid ‘ရှောင်သည်၊ရှောင်တိမ်းသည်၊မ
ဖြစ်အောင်တားစီးသည်’ နဲ့ a void ‘ဟာလာဟင်းလင်း၊ဟာကွက်၊
ကင်းမဲ့ခြင်းတစ်ခု’ ‘a’ နဲ့ ‘void’ ကြားမှာလို ဗာလေယိုတို့ရှိခဲ့
သလား — ဤကားစကားချပ်)

ဗာလေယိုဟာပါရီမှာသူပြောသလိုပဲသေသွားတယ်
သောကြာနေ့တစ်နေ့မှာ ၁၉၃၈ ဧပြီလ ၁၅ရက်နေ့မှာ
သူ့နောက်ဆုံး ၄၆နှစ် အနှစ်ချုပ်စကားဟာ
“စပိန်ကိုငါသွားတော့မယ်။စပိန်ကိုအခုပဲသွားချင်ပြီ”

အာဏာရှင်ဖရန်ကိုတို့ဗိုလ်ချုပ်ပီနိုချေးတို့လည်း
သေကြရတာပါပဲ
ပြည်သူရွေးကောက်တင်မြှေက်တဲ့အာယန်ဒေးတို့လည်း
သေပွဲဝင်ကြရတာပဲ
ဗုဒဓ၊ယေရှု ခရစ်၊ မိုဟာမက် တို့လည်း
ထာဝရမှမရှင်တာပဲ
မသေတမ်းပြစ်ဒါဏ်ကျခံသူဟာ
ဘုရားသခင်ပဲဖြစ်လိမ့်မယ်
တစ်နေ့ကဖတ်လိုက်ရတယ် နရူဒါဟာအဆိပ်မိပြီး
သေသွားခဲ့တာသက်သေပေါ်ပြီပေါ့

ပျော်ရင်ကျောက်စလစ်ဖြူ
မပျော်ရင်ကျောက်စလစ်မည်း
တစ်လှည့်စီလည်းအရောင်ပြောင်းတတ်တယ်ဆိုပဲ
ညဥ့်နက်ထဲမှာကြောင်ဖြူတစ်ကောင်ပေါ်
ကြောင်နက်တစ်ကောင် နက်တာမှ
အစိမ်းရောင်တောက်ပမျက်လုံးနှစ်လုံးပဲမြင်ရတယ်
မိတ်လိုက်နေတဲ့အော်သံတွေထက်စူးရှ

လူတစ်ယောက်ရဲ့တကယ့်ဘဝကို
သူကိုယ်တိုင်ရေးနိုင်ခဲ့သလား
ကဗျာကိုဖန်တီးရာမှာ ဘာသာစကားဟာပေကပ်ကပ်နဲ့
ဈာန်ထောင့်မှာအမှောင့်နဲ့ရပ်ကျန်ခဲ့သလို
ဗာလေယိုရေ
ကဗျာကိုရေးတတ်ဖို့
ကိုယ်လည်းအဆိပ်လူးမြားကျိုးစားနေရတာပဲလေ

ကျောက်စလစ်ဖြူလေးပေါ်တင်ထားတဲ့
အနက်ရောင်ကျောက်စလစ်

လတစ်လရဲ့ချိုင့်ဝှမ်းတစ်ခုမှာကိုယ်သေမယ်
အမှောင်ဘက်မှာမဟုတ်ဘူး
နေလုံးရဲ့အလင်းတန်းတွေဖြန်းကျတဲ့အခြမ်းမှာ
အင်္ကျီအသစ်ချပ်ချွတ်လေးဝတ်စင်သားနားပြီး
ကိုယ်သေတဲ့အခါဆန္ဒရှိရင်တေးသီပေါ့
ဝန်ထုပ်ဝန်ပိုးတစ်ခုကမ္ဘာကြီးမှာလျော့သွားတာ
ကျောက်စလစ်ဖြူလေးပေါ်တင်ထားတဲ့
အနက်ရောင်ကျောက်စလစ်

စပိန်ဘာသာစကားပြောကြတဲ့
ချီလီကဗျာဆရာနဲ့ပီရူးကဗျာဆရာ
ပြင်သစ်ဘာသာစကားပြောတဲ့ပါရီလမ်းမတန်းတစ်ခုမှာ
စီးန်မြစ်ရဲ့ကမ်းနားလမ်းဘက်မှာ
ကျောက်စလစ်တွေခင်းထားတဲ့ဥယျာဉ်လျှောက်လမ်းတစ်လမ်းမှာ
အနုပညာအပါအဝင်စကြာဝဠာရဲ့နေမုန်တိုင်းမှာ
ထားပါတော့ ရိုတောန်ကဖီးမှာ
၂၀ရာစုကဗျာဂြိုလ်မင်းတွေ နရူဒါနဲ့ဗာလေယို
တစ်ယောက်ကိုတစ်ယောက်မသိကြပဲကဗျာဓာတ်တွေ
ဖြတ်သွားသလား

တစ်ယောက်က ပိတောက်ပန်းကိုဖွဲ့
တစ်ယောက်က အဖြူရောင်ကျောက်စလစ်ပေါ်တင်လိုက်တဲ့
အနက်ရောင်ကျောက်စလစ် …….

ဇယလ
၁ နိုဝင်ဘာ ‘၁၇

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>