စိတ်မဆိုးပါနဲ့
အရာရာဟာရွဲ့လွန်းလို့ပါ
အဖြောင့်အတိုင်းဆိုမင်းနဲ့ငါလည်း
တွေ့မိချင်မှချစ်မိမှာ ချစ်မိချင်မှတွေ့မိမှာ
ကြာပြီဆိုတော့လည်းဘဝဟာမှိုတက်နေပြီပေါ့
မှိုဟာအချစ်ရဲ့မပျောက်ဆုံးတဲ့ပထမ
ခြေချောင်းလေးတွေကောက်နမ်းစဉ်တုံးက
ထာဝရ
ပြန်တွေးမိတိုင်းပြန်စုဖြစ်တယ်အဲဒီအဲဒီတဒင်္ဂ
ကြာလာတာနဲ့အမျှဘဝဟာရွဲ့စောင်းကုန်ကြတယ်
နေခဲ့ရတဲ့ကြမ်းခင်းတွေ
သွေးသားမှတ်ဥာဏ်ထဲမှာနှိုးရင်ရှိကြတယ်
ဝရံတာကထွက်ကြည့်လိုက်ရင်
စိတ်မျက်စိထဲမြင်ရတယ်
ချစ်ခဲ့ဖူးတာတွေဟာချစ်ခြင်းကိုမေ့ကြလည်း
ချစ်ခံခြင်းဟာဟုန်းတောက်တယ်
ဖြူစင်တဲ့လိင်ဆက်ဆံရေးမှာမှန်ထဲမင်း
ကြည့်မြင်ပြီးယုံကြည်စိတ်ချဆက်ချကြတယ်
မှန်ဟာပုရောဟိတ်မှမဟုတ်တာ
မှန်ဟာအမှန်တရားဆိုတဲ့ဟာလိုမှန်ပဲလေ
ကြည့်စမ်း မင်းကိုကြည့်တဲ့အကြည့်ထဲမှာ
အမှန်ဟာမင်းကြည့်တတ်မှမြင်မှာလေ
မမှန်လည်းမင်းနေ့စဉ်ချက်ကျွေးတာတွေစားတယ်လေ
မမှန်လည်းမင်းနာရင်ကိုယ်ဟိုဘက်လှည့်ပြီးငိုရပါတယ်လေ
မမှန်လည်းအမှန်ဆိုတာမင်းရှိခြင်းထက်
ဘာနဲ့တိုင်းရမှာလည်းလေ
ပသို့ဆိုစေ
ကိုယ်ပြန်ရောက်ပြီလေ
ပသို့ဆိုစေ မင်းကိုနှိုးပြီးပြန်ရောက်လာပြီလေ
ပသို့ဆိုစေအိပ်ချင်မူးတူးအိပ်ချင်တယ်လို့ပြောပြီလေ
ပသို့ဆိုစေဆေးသောက်ဦးလို့မမေ့မလျော့ပြောပြီလေ
ပသို့ဆိုစေဘဝဆိုတာကိုယ်ကျိုးစားရဦးမယ်လေ
ပသို့ဆိုစေနောက်ဆုံးစကားဟာနောက်ဆုံးမဟုတ်ပါဘူးလေ
ပသို့ဆိုစေမနက်ဖန်ရဲ့စမ်းသပ်ခန်းမှာကိုယ်ဟာ
မျက်လုံးနီနဲ့ဖန်ပေါင်းချောင်ထဲမွေးခဲ့ရတဲ့ကြွက်ဖြူလေ။ ။
ဇယလ
၂၉ အောက်တိုဘာ ‘၁၇