ကိုယ့်အရိပ်ကို မင်းမြည်းကြည့်ဘူးသလား
မင်းရဲ့အမှောင်ကို ကိုယ်ဆံပင်စည်းတိုင်း ထိနေရသလိုပေါ့
အဖြစ်တွေကိုစနည်းနာရင်း ‘ဖြစ်တယ်’ ဆိုတဲ့စကားမှာ
ကိုယ်ဟာကျွဲလူး ၊ဗူးသီးခြောက်ထဲ ဂယောက်ဂယက်
‘ကိုယ်ဟာကိုယ်ဖြစ်တယ်’ ‘မင်းဟာမင်းဖြစ်တယ်’
‘ဒါဟာအချစ်ဖြစ်တယ်’ ဆိုပါစို့
ပင်လယ်မျက်နှာပြင်ပေါ် ဘွားကနဲပေါ်လာတဲ့ တိမ်ထုကြီးဟာ
အချစ်ဖြစ်တယ် ဆိုပါစို့
နိုင်ငံတော်ဟာ တိုင်းပြည်ရဲ့ အဖျားတိုင်းကိရိယာဖြစ်တယ်
ဆိုပါစို့ ကိုယ်ဟာ မင်းနေထိုင်လို့ရတဲ့နေရာဖြစ်တယ် ဆိုပါစို့
အမွှေးတိုင်နံ့ထူပြစ်နေတဲ့ ကော်ဇောပေါ် မင်းပဆစ်ဒူးတုပ်
အပြင်တံခါးဝမှာ ကိုယ်ဟာ တစောင်းလဲနေတဲ့ ကျောက်ရုပ်ပေါ့
ရွှေအတိနဲ့ပြီးတဲ့ ဆင်းတုတော်ရဲ့အပြုံးဟာ ကြေးဝါဖြစ်တယ်
ဆိုပါစို့ မြူဟာပုဝါဖြစ်တယ်ဆိုပါစို့
သူ့ရှေ့မှာ ဘာကို သဲသဲကွဲကွဲ
သူ့နောက်မှာ ဘာဟာ ခိုင်ခိုင်မြဲမြဲ
စကားထဲ သဲတကျိကျိပါလာတာ အတွင်းလေရဲ့ ဘယ်သူ့ထံ
ဒေါသနဲ့ဗျာပါဒကို အသုဘရှုဖြစ်တယ် ဆိုပါစို့
ကိုယ်တို့ဖက်ဖြစ်တယ် နမ်းဖြစ်တယ် နှစ်ကိုယ့်တစ်စိတ်မီးမှာ
ပြာပန်းပွင့်ဖြစ်တယ် ဆိုပါစို့
ရှေးဟောင်းတံတားတစ်စင်းရဲ့ အကြွင်းဟာ
ခရစ်မပေါ်မီ နှစ် ၃၂၀၀ ကဖြစ်တယ်
သူတို့ဘယ်ကနေဘယ်ကူးဖို့ ထောင်စုနှစ်တွေစောင့်ခဲ့သလဲ
အဲဒီတံတားပေါ်မှာမင်းနဲ့ကိုယ်ဟာ မျက်နှာချင်းဆိုင်
အကြည့်တစ်ချက်ထဲ ထိုးသိပ်ထည့်ပြီး ကျော်ဖြတ်သွားခဲ့တယ်
ကံကြမ္မာဟာလည်း တံတားတစ်စင်းဖြစ်တယ် ဆိုပါစို့
မင်းဝတ်ပြုနေမှုမှာ နဂါးပွက်အိုင် ကိုယ်ပွက်ပွက်ဖြစ်တယ် ဆိုပါစို့
ဘုန်းကြီးကျောင်းမှာ ဘေးတိုက်အတူတူ
ချွတ်ထားတဲ့ မင်းဖိနပ်နဲ့ ကိုယ့်ဖိနပ်ဟာ
တစ်ခုခုတော့ဖြစ်တယ် ဆိုပါစို့
ဇယလ
၂၄ အောက်တိုဘာ ‘၁၇