နေသာနေပေမယ့်လည်း သူတို့အရိပ်သူတို့ ပန်ဟပ်ပြီး
စိမ်းမှောင်နေကြတဲ့ သစ်ပင်တွေရဲ့ သိုဝှက်ချက်တွေ
လွတ်မြောက်ပြီးတစ်ပတ် နာဇီစခန်းမှာ ဝမ်းရောဂါနဲ့
ဒက်စ်နို့စ် ဆုံးသွားတယ် ‘ရော်ဘဲရ် ဒက်စ်နို့စ်ရဲ့အသံ’
အစစ်မှန်ဆုံး အော်တိုဆူရီယလ္လစ္စ(တ်)
တိမ်တွေဟာ အိမ်တွေထဲဝင်ပြီး စိတ်မွေ့ချ လူတွေထလာကြတယ်
နေ့စဉ်ဝက်ဝက်ကွဲ သေလိုက်ကြတဲ့စခန်းမှာ
ယုကီကို အသည်းအသန်သတိရ
“မင်းရဲ့ ပဲပြဲစင်နေ့အလင်းထဲမှာ
ကိုယ်ဟာ အရိပ်ရဲ့ အဆရာထောင်သောင်းသန်းကုဋေ
မှောင်ရိပ်ကျခဲ့ရပါပြီလေ”
နောက်ဆုံးကဗျာရဲ့ နောက်ဆုံး(၃)ကြောင်း
ဒက်စ်နို့စ်နဲ့ မညားခင် ဂျပန်ပန်းချီဆရာဖူဂျီတာရဲ့ ဇနီး
တစ်နေ့ လမ်းထွက်လျှောက်လိုက်ဦးမယ် ဆိုပြီး
သင်္ဘောတစ်စီးပေါ်တက် ဘရာဇီးဆီ ထွက်ခွာသွားတော့တယ်
‘ကိုယ့်ဘဝဟာ ဘာမှမကျန်ရှိတာ့လို့ပါ
မင်းအတွက်အဖော်မွန် ရော်ဘဲရ်လည်း ရှိနေပြီလေ
နှင်းပန်းကလေး ယုကီရေ’
လမ်းဆုံလမ်းခွမှာ ပန်းရောင်းသူတို့ရေ
နယ်ဆုံနယ်ခွမှာ လက်နက်ရောင်းချသူတို့ရေ
အွန်လိုင်းမှာ လူရောင်းသူတို့ရေ
ဒက်စ်နို့စ်အသံကို ကြားရဲ့လား
၂၃ အောက်တိုဘာ ၂၀၁၇ တနင်္လာ သုဝဏ္ဏ သင်္ဃန်းကျွန်း
အာရှဖလားသို့သွားရာလမ်း ဆိုင်းဘုတ်ကို မဖြုတ်သေး
လေ့ကျင့်နေကြတဲ့ ဘောလုံးသမားပုံတွေကိုက ညှိုးနွမ်းစရာ
တိုင်းပြည်ဟာလည်း ရွာမလိုနဲ့အုံ့ သာမလိုနဲ့ အကောင်းဘက်က
ရှာဖွေရက်နေရတယ် သဲပူသလင်းပေါ် လိုရာတွေ အငွေ့ပျံလွန်း
ကြားလား The Voice of Robert Desnos (1917)
အာဏာရှင်တို့ရဲ့အကျဉ်းစခန်းတွေ ကြားလား
ရော်ဘဲရ် ဒက်စ်နို့စ်ရဲ့အသံ
ဒုက္ခရောင်ဆိုးအစွန်းရောက်ဘာသာရေးရဲ့ခြင်ပေါက်ရေစပ်တွေ
ကြားလား ရော်ဘဲရ် ဒက်စ်နို့စ်ရဲ့အသံ
အမြုတေကိုပယင်းထဲထည့်လိုက်ရတဲ့ရင်သားနုနုလေးတို့ရေ
ကြားလား ရော်ဘဲရ် ဒက်စ်နို့စ်ရဲ့အသံ
နေ့စဉ်ထဲကမားဗလပ်စ်ကဗျာ/ဘဝဓာတ်
စိတ်ဟာအပြင်ခုန်ထွက်ကျလာတဲ့ကတ္တရာပေါ်က
ငါးကြီးတစ်ကောင်ရောင်စုံကနေရုတ်တရက်မည်းဆိပ်တက်သွား
မေးခွန်းကြီးတစ်ခွန်းမှာဟနေတဲ့ပါးစပ်ကြီး
မျက်လုံးထဲမှာနောက်ဆုံးဘယ်သူ့ဆီအပြန်လမ်း
ဘယ်ဟာခုတ်ထွင်၊ဘယ်ဟာရှင်းလင်း၊ဘယ်ဟာပေါင်းစု
အနုပညာဟာသူ့အလုပ်သူလုပ်လိမ့်မယ်ခြုံဖုတ်ထဲမှာ
ကိုယ့်ကိုခုန်အုပ်ပါစေ ခောင်းမြောင်းလို့နေမယ်
ကိုယ့်မှာလည်း ထိုသူမလေးဆီပဲ လှိုင်းယောက်ယက်ခတ်
သင်္ဘောဦးမှာ လမ်းရှာမရတဲ့ မာလိန်မှူး
လက်နှစ်ဘက်နောက်ပစ်ပြီး မိုးကုတ်စက်ဝိုင်းတံလျှပ်နဲ့ တီးတိုး
နယ်စပ်နေ စည်းခြားတွေရဲ့ နယ်ခြားစည်းပေါ်ရောက်နေတာ
ကိုယ်ဟာနယ်ခြားစည်းရဲ့မူလတိုင်းရင်းသားဖြစ်နေတာ
ကိုယ်ဟာကိုယ်ကိုယ်တိုင်ရဲ့”အခြား”ဖြစ်နေတာ
ကိုယ့်ထဲကထွက်ကြည့်လိုက်ရင်ကိုယ်ဟာလေထဲ
ဖတ်လတ်ဖတ်လတ်လွင့်နေတဲ့အရောင်မှိန်အခွံခြောက်
ဖြစ်တောက်ဖြစ်တောက်ဖြစ်နေတာ
ကိုယ်ဟာ ရော်ဘဲရ် ဒက်စ်နို့စ်ရဲအသံ ကဗျာရှည်ထဲက
သူချန်ထားခဲ့တဲ့လိုင်းတစ်လိုင်းဖြစ်နေတာ
ဒါဟာ ရော်ဘဲရ် ဒက်စ်နို့စ်ရဲ့အသံ
ကိုယ်ဟာ ရော်ဘဲရ် ဒက်စ်နို့စ်ပါ
စစ်ကြီးပြီးတာနဲ့ချက်ချင်းပဲမင်းဆီ
ကိုယ်ပြန်လာနေပြီပေါ့ ချစ်သောကိုယ့်ရဲ့ယုကီရေ
ကိုယ်တို့ရဲ့အိမ်အိုလေးကိုရောင်စုံဆေးသစ်ပြန်သုတ်မယ်
ကောင်းကင်ကိုပါခါလှန်းပြီးညမှာခြုံအိပ်ကြတာပေါ့
ကိုယ်လာနေပါပြီ ကိုယ့်ကမ္ဘာကြီးယုကီရေ။ ။
ဇယလ
၂၃ အောက်တိုဘာ ‘၁၇