လို့ပြောမယ့်အစား ဒီနေ့မှာ
မအားလို့ ပစ်ထားမိတဲ့ သစ်ခွလေး
ပွင့်နေတာမှ မြိုင်နေတာပဲ
အဖြူထဲက ရွှေရောင်ဖူးအာလေး
လန်းဆန်းသန့်စင်စွာ မင်ရဦးသူမှာ ဟာကနဲ
ဝမ်းသာဝမ်းနည်းပစ်ထားမိလို့အပြစ်စိတ်နဲ့
ကိစ္စမရှိပါဘူးပွင့်ပြီပဲ ပစ်ထားလည်းပွင့်မှာပဲ
ငှက်ကလေးတွေအခိုင်လိုက်ရဲ့သံပြိုင်တေး
တောင်ထိပ်ပ်ါရအောင်တက်ပြီးမုဒြ
အမြစ်ထဲအောင်းထားတဲ့ဇာတိဗီဇဇီဝသျှတ္တရ
ကိုယ်နာကျင်မိပါတယ်အလှရဲ့ရသ
ဒီအလှမှာစူးနစ်နာကျင်မိပါရဲ့
နာကျင်မှုဟာအလှနဲ့တုံ့ပြန်ဖူးပွင့်တယ်
ကိုယ်ဘာတွေတွေးနေမိပါလိမ့်
ကိုယ်ဘာတွေပြောနေမိပါလိမ့်
အဲဒီသစ်ခွလေးပွင့်နေလိုက်တာမှ
ရိုက်သွင်းထားတဲ့တရားကိုထုတ်ပြီး
လှုပ်ခါဆေးကြောမောနေတာကို သတိတောင်မကပ်မိပါဘူး
နာကျင်မှုဟာလည်းအလှတရားရဲ့မိခင်ပဲ
တရားရသလိုလို
တရားဟောသလိုလို
တရားသဘောနှလုံးပိုက်မိသလိုလို
သလိုလိုတွေကိုသွေဖည်ပစ်လိုက်တယ်
အနိစ္စပေါ့ သူလည်းကြွေရမှာပဲ
ဒုက္ခပေါ့ သူလည်းဝေရမှာပဲ
အနတ္တပေါ့ သူလည်းစေလိုရာမှာအစိုးမရ
ကိုယ်နာကျင်ရပါတယ်ဆိုတာကိုယ့်ပိတ်ဆို့ခြင်းဆိုပါစို့
ကိုယ်ဖူးပွင့်ပစ်လိုက်တယ်
အနိစ္စပန်းများ ဒုက္ခပန်းများ အနတ္တပန်းများ
ပွင့်လန်းနေကြမှာပါပဲ
ပင်းဂ်ကကိုယ့်ပေါင်ပေါ်ခုန်တက်တယ်
မျက်နှာကိုစေ့စေ့ကြည့်ပြီးညောင်လို့အော်တယ်
ပေါင်ကိုနှိပ်ပေးပြီးခွေအိပ်ချလိုက်တယ်ယုံကြည်စိတ်ချစွာ
ဒေါ်ငယ်ကညသောက်ရမယ့်ဆေးလာတိုက်တယ်
အရာရာဟာခေးအော့စ်ကြားထဲကပွင့်လန်းကြတာပဲလို့တွေးပြီး
မဟုတ်ဘူး အရာရာဟာခေးအော့စ်ရဲ့လက်ချက်ပဲ
မဟုတ်ဘူး အရာရာဟာ
ကိုယ်သာသိရင်အဲဒီသစ်ခွပန်းလို
ဆိုပါစို့ နာကျင်စွာပဲပွင့်လန်းပစ်လိုက်မလားပဲ
ကိုယ်ဘာတွေလျှောက်တွေးနေမိပါလိမ့်
ဇယလ
၂၁ အောက်တိုဘာ ‘၁၇