မင်းဘယ်ကတ္ထူမျက်နှာဖုံးစွပ်ချင်လဲ
သူ့ဈေးနဲ့သူရှိကြတယ်
စူပါဟီးရိုးလား သူတော်စင်ကယ်ရီကေးချားလား
စည်းအပြင်ကလူကြောင်လား
ဘောင်ထဲကအကောင်းမြင်သမားလား
ခံစားမှုခွန်နှလွှာချွတ်ပွဲမှာငိုပွဲဆင်ပြနေသူလား
ကမ္ဘာကြီးကိုနာကျည်းပြီးဒေါသကြီးသူကဗျာဆရာလား
ကဗျာရေးသူနဲ့လူကိုယ်တိုင်တွေ့ချင်ကြသူ
၇၀.၃၀%အတွက်မင်းရုပ်ထွက်စိုးရိမ်နေသလား
ဠင်းတရုပ်ထွက်မှာ ပိုးဟပ်ရုပ်ထွက်မှာ
သွေးစွန်းဘီးတွေရဲ့တင့်ကားရုပ်ထွက်မှာ
အနုပညာရှင်လို့သတ်မှတ်ထားတဲ့ရုပ်ထွက်မှာ
ရေနစ်သေဆုံးသူရဲ့တောင့်တင်းအေးစက်ရုပ်ထွက်မှာ
တကယ့်မင်းရုပ်တကယ်ထွက်ပြီးသာမန်ရုပ်ပဲထွက်နေမှာ
ငါ့ရုပ်ထွက်နဲ့ငါကျေနပ်တယ် ငါ့မှာဒါပဲရှိတာလေ
မြင်းတစ်ပိုင်းလူတစ်ပိုင်း ကျွဲတစ်ပိုင်းကျားတစ်ပိုင်း
အယဉ်တစ်ပိုင်းအရိုင်းတစ်ပိုင်း တစ်ပိုင်းမကလို့
ပဉ္စရူပ ဆဌရူပ ဒွါဒဿရူပ
ခိုင်းနှိုင်းကြပေါ့ဘယ်သူမဆို
ဒီစီကောမစ်ထဲက ဗီလိန်စာခြောက်ရုပ်ထွက်ကော
သူဟာကြောက်စိတ်ဓါတ်ငွေ့ဖန်တီးတယ်
ဂေါ့သမ်မြို့သူမြို့သားတို့သောက်ကြတဲ့ရေထဲ
ကြောက်စိတ်ဓာတ်ငွေ့လောင်းထည့်တယ်
လင်းနို့လူသား မှော်လက်စွပ်မီးစိမ်းရှင် ကပ္ပတိန်အမေရိကား
ကိုယ်စီအကြောက်တရားမှာညွတ်ကွေးသွားကြတယ်
ဘယ်သူမဆိုဟာသူ့အကြောက်ဆုံးအရာကို
သူစွဲလန်းတကြီးညွတ်တတ်တယ်
ကိုယ်ဟာချိုနဲ့လား တောင်ပံနဲ့လား
ချေဂွေဗားရားလား ဂန္ဒီလား
မြွေပွေးတစ်ဒါဇင်တွန်နေကြတဲ့ဦးခေါင်းနဲ့လူလား
အဲဒါကိုယ့်ရုပ်ထွက်တွေလား
ကိစ္စမရှိကြပါဘူး
ကိုယ့်မှာရုပ်ထွက်ပြဿနာ လုံးဝမရှိဘူး
သေရည်မူးမူးကဗျာရူး
ထူးတယ်လို့ပဲမှတ်လိုက်မယ်
အဲဒါဟာလည်းကိုယ့်ရဲ့ကိုယ်ပွားရုပ်ထွက်တစ်မျိုးပေါ့။ ။
ဇယလ
၁၈ အောက်တိုဘာ ‘၁၇