ဇာဘော်လီခေတ်တုန်းကရင်သားတွေမှာ
ဝရံတာတွေရှိကြတယ် အဖိုးကြီးအဖွားကြီး
အိပ်ချိန်မှာ လေညင်းခံဖို့လေသာဆောင်တွေ
ကိုကိုရေ ဒီညမလာဘူးလား ခင့်မှာနှုတ်ခမ်းမွေးတွေ
ရေကျော်အထိပွဲလမ်းသဘင်စည်ကားနေပြီလေ
ဘိုင်စကုပ်ထဲမှာလိုခင့်ကို
အို…အို အိုပါရစေ အိုပါရစေလေ ကိုကိုရေ
ဒါလဟိုဇီတိုက်ခန်းကြီးမှာ မြင့်နဲ့များ
နှစ်ပါးသွားနေပြီလား ခင့်မှာအမြီးပေါက်ပြီလေ
‘….ဇွတ်ကိုချစ်တော့မယ်’ လို့လေဒီယိုမှာမှိန်းလို့ပဲ
ခုတော့ခင့်ကို ကိုကိုပစ်ပြီလေ
လူမှုစည်းတွေရံထားတဲ့တောတောင်ရယ်သာ
နောက်ခံမှာ
မြို့ပြလူတန်းစားသစ်ဟာ
‘အိုင်ဆေး’ ‘အိုင်ဆေး’ နဲ့ အိုင်တွေ့ရင်
ပေကြိုးတွေထုတ်တိုင်းကြတော့တယ်
ဘဝရပ်တည်ရေးနဲ့အမျိုးသားရေးကြား
ဇာခြင်ထောင်နဲ့မီးခွက်မှုတ် သစ္စာဆိုတာ
‘မာစတာ’တို့မမွေးကြခင်ပေါ့ မြေအောက်မှာလှုပ်တဲ့
သမုဒ္ဒရာလှိုင်းလုံးတွေ အို ခိုင်းနှိုင်းတတ်ပါပေ့မေ့ကိုကိုရယ်
ဘိနပ်တစ်ဘက်မကျွတ်ခင်
စွတ်လှည့်ပါမေ့ရဲ့ခေါင်ရမ်းပန်း
နောက်ကွယ်ကရုပ်ရှင်ပြစက်ရဲ့ပိတ်ကားပေါ်အလင်းထိုး
ဝှရ်ဝှရ်သတိထားလိုက်မိမှဝှရ်ဝှရ်ဝှရ်ရ်ရ်ရ်ရ်
ဒါဟာ၂၀၁၇လေ ဆန်းဒေး ၂ ဂျူလိုင် ၂၀၁၇လေ
ဝှရ်ရ်ရ်ဝှရ်ရ်ရ်ရ်ရ်ရ်
ပြောပါဦးကိုကိုရဲ့
ကမ္ဘာစစ်ကြီးဖြစ်ခဲ့ရင်တောင်ခင့်ကိုချစ်ဦးမှာလားလေ။ ။
ဇယလ
၂ ဂျူလိုင် ‘၁၇