စကားလုံးတွေဖြစ်မလာကြသေးဘူး
ဒီလေပွေကိုအရွယ်ရောက်ဖို့
မုန်တိုင်းကိုငါပျိုးထောင်ရဦးမယ်
ပျိုးပင်ရဲ့အဆိပ်ရှိခြင်းကိုငါမြည်းရဦးမယ်
ပြီး…ငါပျောက်ချင်းမလှပျောက်ကွယ်သွားရမယ်
လေယာဉ်တစ်စီးလုံးပျောက်သွားတာအစအန
သဘာဝကစိတ်ရှည်ရင်တွေ့ဦးမယ်
ဖန်ဆင်းရှင်လုပ်တမ်းကစားပွဲမှာသေသောသူ
ပြန်ရှင်လိမ့်မယ်မြစ်သေဟာစီးလိမ့်မယ်
ငါမပြောသေးဘူးအရာရာဟာသူ့စရိတ်နဲ့သူ
ပြန်လည်ရှင်သန်လာမယ်မူကွဲရုပ်တွေနဲ့
သတင်းထွက်ပြီးမှအဖြစ်အပျက်ဟာလိုက်လာရတာလည်းရှိ
အခွံကွဲပြီးမှအကောင်ဟာတောင်ပံကျန်နေသေးတာလည်းရှိ
ရယ်မောပြီးမှဘာပြောသွားတာလည်းမေးတာလည်းရှိ
အသက်ထဲကိုငှဲ့လိုက်တဲ့ရယ်စရာဘီယာသေတစ်ခွက်
သူ့မျက်ရည်ထဲသူအရည်ပျော်ဝင်တဲ့ဆား
ပင်လယ်ထဲမီးတောင်ထိပ်ကျွန်းမွေးဖွားခြင်း
မျိုးရိုးဗီဇကညော့ထားတဲ့ဆိတ်နို့ထဲကပင့်ကူမျှင်
ငါမပြောသေးဘူးငါမပြောနိုင်သေးဘူး
ငါပြောမယ်နှလုံးထဲပစ္စည်းတွေထည့်တယ်ဆိုတာ
ခေါင်းကိုက်ရောဂါကြောင့်ဦးရေပြားမှာအပ်တွေဆိုက်ရတာ
လိမ္မော်ရောင်ဟာစိတ်ကိုနိုးထပျော်ရွှင်စေနိုင်တာ
တစ်ထိုင်တည်းဆေးလိပ်တစ်ဗူးကုန်သွားတာ
ငါမပြောသေးဘူးငါစိတ်ရှည်ပါတယ်
စကားလုံးတွေဟာငါ့ကိုအားနာနေကြပုံရတယ်
အဓိပ္ပါယ်တွေဟာမှောင်ရိပ်ထဲကွယ်နေကြသယောင်ပဲ
ငါ့ကိုရှာလည်းရှာရှောင်လည်းရှောင်နေကြပုံပဲ
ငါပြောချင်တာငါမသိခင်ငါဘာပြောရမလဲ
ညာဘက်ခြေသလုံးဟာတောင့်နေတယ်
ဒီနေ့ငါလုပ်ခဲ့တာတွေငါကျေနပ်တယ်လို့ထင်တာပဲ
ငါပျော်တယ်လို့ထင်တာပဲငါ့ကိုပြောစမ်းပါ
ငါခံနိုင်ရည်မွေးထားတယ်
ငါ့ကိုစကားလုံးတွေသွေးချေဥထဲကဖောက်ခွဲပါ
ငါ့ကိုသီချင်းနုနုလေးသီဆိုပါ
“မင်းရဲ့နောက်ထပ်မျက်ရည်တစ်စက်မကျခင်
ငါမင်းဆီမှာရှိနေပါ့မယ်”လို့သီချင်းထဲမှာလို
ငါ့ကိုစကားလေးတွေဆက်ပြောနေပေးပါ
မပင်ပမ်းရင်ငါ့ကိုစကားလေးတွေဆက်ပြောပေးနေပါ။ ။
ဇယလ
၇ ဇွန် ‘၁၇