ကိုယ်ဟာဘယ်သူပါ၊ ဘယ်လိုလူမျိုးပါ၊လို့ သိသိနဲ့ ရည်ရွယ်ပြီး နှုတ်နှင့်ဖြစ်စေ၊ စာနှင့်ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ၊ အပြုအမူဖြင့်ဖြစ်စေ၊ အခြားတစ်ယောက် မဟုတ်ရင် အများကို ဖော်ပြနေတာဟာ သဘာဝပဲ ထင်ပါတယ်။ အဲဒါကို အဓိပ္ပါယ်ကောက်ခြင်းမှာ ကိုယ့်ကြောင့်ဖြစ်စေ၊ အဓိပ္ပါယ်ကောက်သူကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင် အနေအထားကြောင့်ဖြစ်စေ၊ လွဲချော်သွားနိုင်ပါတယ်။
ကိုယ့်ကိုကိုယ်ဖော်ပြနေတဲ့အချိန်မှာလည်း ကာလ၊ ဒေသ၊ ပယောဂကြောင့် လွဲချော်သွားနိုင်ပြန်ပါတယ်။ သိသိနဲ့ ရည်ရွယ်ဖော်ပြနေချိန်မှာတောင်မှ ကိုယ်တိုင်သတိမပြုလိုက်မိတဲ့ (ဝါ) မသိစိတ်နဲ့ ဖော်ပြလိုက်မိတာလည်း ရှိမှာပါပဲ။ အဲဒီမှာလည်း အဓိပ္ပါယ်ကောက်ခြင်းမှာ လွဲရင်လွဲ၊ မလွဲရင်လည်း တစ်မျိုးတစ်မည် မှန်ကောင်းမှန်သွားနိုင်ပါတယ်။
ကိုယ့်အကြောင်းကိုယ် ဖော်ပြနေတာဟာ သုတလား။ ရသလား။ သုတရသလား။
လူတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနားလည် (အဓိပ္ပါယ်ကောက်)ကြသလဲ။ အပေါ်ယံထက် နက်ရှိုင်းပါလိမ့်မယ်။ လူမှုဆက်ဆံရေးမှာ မသိစိတ်(ဝါ) ဖုံးကွယ်စိတ်ရဲ့ အခန်းကဏ္ဍကို တွေးတောမိပါတယ်။
ကိုယ့်ခံစားချက်(ဝါ) ကိုယ့်အဖြစ်အပျက်(ဝါ) ကိုယ့်အတွေ့အကြုံ (ဝါ) ကိုယ့်အတွေး (ဝါ) ကိုယ့်အကြောင်းတစ်ခုခုကို ကဗျာလုပ်ရေးမယ်ဆို
ဘာကိုဘယ်လို စိစစ်ပိုင်းခြားရွေးချယ်မလဲ။ အဲဒါကို ဘယ်လို ဖွဲ့စည်းတည်ဆောက်မလဲ။ ဘာသာစကားကို ဘယ်လိုအသုံးပြုမလဲ။ ဖတ်သူဆီက ဘာလိုချင်သလဲ။ ဖတ်သူကို ဘာဖြစ်စေပြီး ဘာလုပ်စေချင်သလဲ။ ဘယ်လိုအဓိပ္ပါယ်တွေ ပြုလုပ်ကြမ/သလဲ။
ကိုယ့်အကြောင်းကို ဖတ်စေချင်တာလား။
ကဗျာကို ဖတ်စေချင်တာလား။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။