ဟုတ်တယ်လေ၊အရေခွံဟောင်းဟာ
သူ့ကိုယ်သူမှမထမ်းနိုင်တော့တာ
အခု ကိုယ်ဟာမိမွေးတိုင်းဖမွေးတိုင်း
ကိုယ်ခန္ဒာအသစ်စက်စက် ပက်ပက်စက်စက်
ရက်ရက်စက်စက် မက်မက်စက်စက် လက်လက်စက်စက်
ဟုတ်တယ်လေ၊ လူမှုစက်ရုံရဲ့စည်းမျဉ်းတွေပေါ်
သဘာဝအတိုင်းပဲသာမှာပေါ့
လ,ပဲဥစ္စာ
အခကြွေးတွေအတွက်ဘဝပေးစရာမှမလိုတော့တာ
အဲသလိုနဲ့၊ကိုယ့်ဆီမှာ
နက္ခတ်တာရာတွေမွေးဖို့ဖြစ်လာတယ်
ကိုယ့်လူသားခန္ဒာ ကိုယ့်တိုက်ဆိုင်မှုလူသားထရော်မာ
ကိုယ့်လူသားလက်ကိုင်အိပ်ထဲကခံစားမှုတွေဟာ
ကိုယ့်လူဖြစ်မှုအသေအချာ
ဘာနဲ့မှမလဲနိုင်ဘူး ဦးလည်မသုန်
ထုံကူးအနှစ်အသား
ကိုယ့်ကျောရိုးဟာကိုယ့်ကိုအသစ်တဖန်မွေးဖွားတယ်
ညပြီးရင်းည နေ့ပြီးရင်းည နေ့ထဲမှာည နေ့ညတွေဟာ
သူစိမ်းပေါင်ကြားထဲမှာမှမဟုတ်ခဲ့တာ
ယာယီငှားရမ်းလိုက်တာ မူလဆီပဲပြန်လာတယ်
ကိုယ့်ဆီကိုကိုယ်ပဲပြန်လာတယ်
ခရီးတစ်ခုကိုကောင်းမွန်စွာ မြှုပ်နှံပေးလိုက်တယ်
အို…ထိုကာလတွေဟာသူစိမ်းတွေမှမဟုတ်တာပဲ
ကိုယ့်ရဲ့ငြမ်းတွေပဲဖြစ်ခဲ့တယ်
အခုတော့ကိုယ်မီးလှုံရာပေါ့
တစ်ခါသားကပျက်ယွင်းခဲ့တာ
ရာသီမယွင်းခင်ကတည်းကပေါ့
အပြစ်မှာကိုယ်ဟာလက်တဖြစ်စာ
နုရွပန်းငုံမှတဖန်နုရွပန်းငုံသို့သာစူးရှနုရွစွာ
စည်းမခြားခင်ဝေဝါးသွားတာ
မဝေဝါးခင်စက်ဝန်းထဲမှာရပ်ဝန်းအရေစုပ်ခဲ့တာ
လ,ငပုပ်ကိုလက်နက်နဲ့ဘယ်လိုခုတ်ခဲ့တာ
နှုတ်တစ်ရာအနာမဆုံး
ရေလိုစီးခဲ့အခါတပါးရဲ့ကမ်းပါးမှာ
ရေလိုစီးစဲရေစစ္စရီမလိုတဲ့
ရေရဲ့နဂိုသွေးသားမှာ
ဟုတ်လား၊ ပါးစပ်တွေဟာကိုယ့်အလိုတရ
ကိုယ့်ကိုကျိုးအက်စေသလား
ဟုတ်လား၊ လှပတဲ့စားတော်ပွဲမှာ
စိတ္တဇ ပြိတ္တာတွေဝသတဲ့လား
ဟုတ်သား၊ ကိုယ်ဟာကိုယ့်ဘဝ လက်ခတ်မလွဲ
အသည်းတစ်ဆုပ်မြေကြီးလုပ်ပြီး စိုက်ပျိုးလိုက်ပြီပဲ
ကိုယ်ကြွေပြီးတောင်ဆက်ပွင့်လန်းလို့နေမှာပဲ
ပြောရရင်တော့
ကိုယ့်ရင်နှစ်မွှာကအစ
ကိုယ့်ကိုယ်ပိုင်လွတ်လပ်ခွင့်
ပြန်လည်ရရှိခြင်းဖြစ်တယ်။ ။
ဇယလ
၂၀ ဧပြီ ‘၁၇