ဟိုက္ကူလို အဆုံးသတ်

မင်းရဲ့အရှိတရားဟာ ကိုယ့်မှာမင်းမရှိခြင်း
ကို မရှိတဲ့မြေပုံပေါ် ပုံကြီးသိပ်ချဲ့တယ်
ပျံချင်ပျံလို့ရလျက်သားနဲ့ ရေပြင်ထဲကပုံရိပ်ကို
လွမ်းမောစွာစွဲလန်းနေတဲ့ ငန်းနက်
အဲဒါလည်းအဆင်ပြေပါတယ်
အိပ်ထဲလက်ထိုးနှိုက်လိုက်တာ ပျော့စိစိတစ်လုံး
ဩော်… မင်းကိုပေးဖို့ ၁၅ရာစုက လိမ္မော်သီးတစ်လုံး
နယ်ပယ်သစ်ရှာဖွေရေးခေတ်ကြီးရဲ့ အစ
၁၄၀၅ – ၁၄၃၃၊ မင်ဂ်မင်းဆက် တရုတ်သမုဒ္ဒရာရွာသူကြီး
ကျန့်ဟယ်ဟာ တရုတ်ကနေ အိန္ဒိယ၊ အာရေးဗီးယားနဲ့
အရှေ့အာဖရိကအထိ တရုတ်ဩဇာပိုင်နက်ကို ထူထောင်တယ်
သက်တောင့်သက်သာ မဟုတ်တာကတော့
ရင်ဟင်းလင်းမှာ အမွေးအမျှင်တွေ ပေါက်လာခဲ့တယ်
မေလ ၁၄၃၁၊ ၁၉နှစ်ရွယ် ပြင်သစ်တပ်မှူးမိန်းမပျိုလေး
ဂျိုးန်အော့ဖ်အာ့က် အရှင်လတ်လတ်မီးရှို့
ကွပ်မျက်ခံရခြင်းကို ငါ ရပ်ကြည့်ခဲ့တယ်
ကမ္ဘာကြီးရဲ့ မိုးလေဝသ
ဒါပေမယ့် ပြောချင်တာ ဒါမဟုတ်ဘူးလား
ခရစ်ယန်ဘီဇင်န်တီးန်အင်ပါယာဟာ
အော့တိုမန်မူဆလင်လက်အောက် လုံးဝကျရောက်ခဲ့ရတယ်
သမိုင်းဟာ နှလုံးသားတွေဆီက ဘာယူသလဲ
၁၄၆၉ ဂုရုနာနတ်က်ဖွားမြင်တယ် ၁၄၉၂ ခရစ္စတိုဖာ
ကိုလံဘတ်စ်ဟာ မူလရှိပြီးသားဒေသခံတို့ရဲ့
အမေရိက ကို ‘ရှာဖွေတွေ့ရှိခဲ့လေတယ်’
ကစ်ချင်းန်ပိတ်တော့မယ် ဘာမှာဦးမလဲ
လာလမ်းအတိုင်းကိုယ်ပြန်သွားရင်
မလာခင်အတိုင်းကိုယ့်ကိုယ်ကိုဆီပြန်ရောက်မလား
မင်းရဲ့အိပ်မက်ထဲ
ကိုယ်တကယ်ဝင်အိပ်ချင်ပါတယ်
၁၅ ရာစုတရုတ်ကဗျာဆရာ ထုံယမ် Tong Yin ရေးတယ်
လေးချက်တီးမှာလ, ဟာနစ်မြုတ်သွားတော့တယ်
စက္ကူပြတင်းတွေဟာမလုံခြုံကြဘူးလေ
အမူးပြေလို့ငါနိုးထလာတယ်
ခေါင်းကိုလက်တစ်ဘက်နဲ့ထူမ,ပြီး
စာခဏဖတ်တယ်
ကိုယ့်ကိုယ်ကို မြင့်မားတဲ့အတွေးတွေတွေးဖို့
အမိန့်ပေးလိုက်တယ် အလဟာဿပါပဲ
ပျိုးပင်စိမ်းလေး ၁၀ တံ ဟာဆောင်းရာသီမို့
နုကြသေးပေမယ့် ပြတင်းမှာ
ကြီးမားတဲ့အရိပ်တွေလာထိုးကြလေတယ်
မှန်ထဲဆိုတော့လည်းကိုယ့်ပုံရိပ်စစ်ဟာဘယ်ပေါ်မလဲ
မလ္လတီပလ်တွေလို့ပဲထင်ပါရဲ့
မလ္လတီပလ်ဖြစ်နိုင်ခြေတွေ မလ္လတီပလ်စကြဝဠာ
ကိုယ်ဖြစ်တော့မယ့် မလ္လတီပလ်စကလရိုးစ္စ
ဘဝကိုကဏ္ဍတွေခွဲလို့ရရင်မင်းဟာဘာဖြစ်မလဲ
မြေအောက်ကျောက်ပြားကြီးနှစ်ထပ်ရဲ့
ကိုယ့်လာအထိပဲ
လူငယ်ဆိုတော့ကာ ပိပိကစားရင်အထင်သေးကြသလား
အဲမှာနင်ဂျာတွေအောင်းနေကြတယ်
ကွာဟနေခြင်းကိုယ်တိုင်ဟာ
ဆက်စပ်မှုတစ်ခုလိုဖြစ်နေပြန်ရော
ယောက်ျားတစ်ယောက်ဟာသူ့လိင်တံကို
ကမ္ဘာကြီးရဲ့နာကျင်ဘွယ်ရာတွေအဖြစ်
လှုပ်ခါပစ်လိုက်တယ်
ဟိုက္ကုလိုအဆုံးသပ်မရှိပဲ
မင်းရဲ့ဝိညာဉ်ဓာတ်မှာ ကိုယ်ရွှမ်းရပါတယ်
ကိုယ့်မှာ ဧဝရဲ့မြွေရှိတယ်
မင်းမှာအာဒံရဲ့လည်မြိုနင်တဲ့သံသယ
မရှိပါစေနဲ့ကွယ် နော်
မင်းနဲ့တွေ့ရမှာကိုကိုယ်ယုံကြည်ပြီးသားပါ
လူ့သမိုင်းတစ်လျှောက်လုံးဟာ
ကိုယ့်ကိုရယ်သွမ်းသွေးလိုက်တယ်
ဩော်…မင်းကိုပေးဖို့ရာကိုယ့်မှာ
၁၅ရာစုကလိမ္မော်သီးတစ်လုံးရှိနေတယ်လေ
အိပ်မက်သားတွေပြည့်နေတဲ့အိပ်မက်သီးလေးတစ်လုံး။ ။

ဇယလ
၁၂ ဧပြီ ‘၁၇
၀၀:၃၃

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>